အတိတ်မှာနေကြသူများ

ပို့စ်တင်ချိန် - 9/05/2013 09:15:00 AM


ရေးသားသူ- ငြိမ်းချမ်း

အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်တစ်ယောက် တောင်းရမ်း၍ရလာသော ပိုက်ဆံခပ်နွမ်းနွမ်းများကို ရေတွက်နေသည်။ ၎င်း၏ဘေးနားတွင် အသက်(၇)နှစ်အရွယ် မြေးယောက်ျားလေးတစ်ဦးကတော့ မုန့်ဆီကြော်ကို အားရပါးရစားနေသည်။ ရရှိလာသောပိုက်ဆံများနှင့် မုန့်ဆီကြော်များကတော့ ဂန့်ဂါရွာဘုရားပွဲတွင် တောင်းရမ်းရာမှ ရရှိခဲ့ခြင်းဖြစ်သည်။

သမိုင်းဆရာတို့က သူတို့ကို ဘုရားကျွန်ဟုဆိုကြပြီး သူဖုန်းစားများကတော့ သူတို့မှာ မာတင်္ဂမျိုးနွယ်စုမှ ဆင်းသက်လာသူများဟု ယုံကြည်နေကြပြီး သူတို့ထဲမှအချို့မှာ လက်ရှိအချိန်ထိ တောင်းရမ်းသူများလည်း ရှိနေသေးပါသည်။ ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင်ကျရောက်သော ပုဂံမြို့တောင်ဘက် ညောင်ဦးမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော ဂန့်ဂါရွာဘုရားပွဲတော်တွင် သူတောင်းစားများ နှစ်စဉ်လာရောက်တောင်းခံနေမြဲ။

“အဆင်ပြေလာရင်တော့ ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး”ဟု ယခုနှစ် ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင် ကျရောက်သည့် ပုဂံညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာဘုရားပွဲတော်တွင် ငယ်စဉ်ကတည်းက လာရောက်တောင်းရမ်းနေသော မင်္ဂလာသာစည်ရပ်ကွက်မှ သူဖုန်းစားတစ်ဦးဖြစ်သော အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်ကပြောသည်။ သူဖုန်းစားများအစု နေထိုင်သော ရပ်ကွက်မှာ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနောက်ဘက်ရှိ မင်္ဂလာသာစည်ရပ်ကွက်ဖြစ်သည်။ လက်ရှိအချိန်တွင်မူ သာမန်လူတန်းစားများလည်း လာရောက်နေထိုင်လျက်ရှိပါသည်။ ထိုရပ်ကွက်တွင်နေထိုင်သော သူဖုန်းစားများမှ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲသူများလည်းရှိနေပြီး အချို့မှာ ဘ၀ပေးအခြေအနေအရ ပြောင်းလဲမှုမရှိသေးဘဲ တောင်းရမ်းမှု ပြုလုပ်နေဆဲဖြစ်သည်။

အိမ်ထောင်စု ၁၆၂ အိမ်ရှိသော မင်္ဂလာသာစည်ရပ်ကွက်တွင် အိမ်ထောင်စုအများစုသည် တောင်းရမ်းမှုမလုပ်တော့ဘဲ အိမ်ထောင်စု ၃၀ ၀န်းကျင်သာ တောင်းရမ်းမှုများ ပြုလုပ်နေသည်။ ရွာများတွင် တစ်နှစ်တစ်ခါပြုလုပ်သည့် ဘုရားပွဲများ၌သာ တောင်းရမ်းကြလေ့ရှိပါသည်။

ရှေးယခင်ကတည်းက တောင်းရမ်းလာမှုကြောင့် ၎င်းတို့သွားနေကျ ဘုရားပွဲများသို့ မသွားရောက်ဖြစ်ခဲ့ပါက စိတ်ဝေဒနာရောဂါဖြစ်ခြင်း၊ ကိုယ်လက်အင်္ဂါများမကောင်းခြင်း၊ ခန္ဓာကိုယ်ယားခြင်း စသည်တို့ဖြစ်တတ်သည်ဟု ယခင်ကယုံကြည်ခဲ့ကြသော်လည်း ယခုအချိန်တွင်မူ ထိုအရာများအားလုံးကို လက်ရှိတောင်းရမ်းနေသူများကပင် အယုံကြည်မရှိတော့ပါ။

“သူတောင်းစားမှန်ရင် တိုက်ပုံအင်္ကျီပါရတယ်။ တကယ်လို့မပါရင်လည်း အပေါ်ယံအင်္ကျီလက်ရှည်တော့ ၀တ်ရတယ်။ တောင်းတာက ခုဆိုရှက်စရာလို့ မထင်တော့ပါဘူး”ဟု ဆယ်နှစ်ကျော် တောင်းရမ်းလာခဲ့သူ အသက် ၁၉ နှစ်အရွယ် ကိုဇာနည်မောင်ကပြောသည်။

ယခုလို တောင်းလာခဲ့မှုများကြောင့် တောင်းနေကျ ဘုရားပွဲများရောက်၍ မတောင်းရလျှင် စိတ်ကမနေနိုင်ကြောင်း ကိုဇာနည်မောင်ကဆက်လက်ပြောသည်။ သူဖုန်းစားများသည် တောင်းရန်အတွက် ရောက်ရှိသောရွာ၏ ဘုရားတွင်တည်းခိုပြီး ယင်းဘုရားပရိဝုဏ်ကို ဦးစွာသန့်ရှင်းရေးပြုလုပ်ပေးလေ့ရှိသည်။ ထို့နောက်မှ တောင်းရန်အတွက် ရွာထဲသို့သွားကြသည်။ ရရှိလာသည့်မုန့်များ၊ ထမင်းများကို ဘုရားမှာ ဦးစွာကပ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများရှိ ဒေသအချို့တွင် သူဖုန်းစားများရှိသော်လည်း မင်္ဂလာသာစည်ရပ်ကွက်ထဲမှ သူဖုန်းစားများနှင့် ကွာခြားမှုရှိသည်။ မင်္ဂလာသာစည်ရပ်ကွက်မှ သူဖုန်းစားများက ၎င်းတို့တွင် ရှည်လျားသောသမိုင်းကြောင်းရှိပြီး၊ ၎င်းတို့မှာ အစဉ်အလာနှင့်ရိုးရာကို ဆက်လက်ထိန်းသိမ်းသူများဟု ယုံကြည်နေကြသည်။

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် မြို့ပြင်ဘက်မှ ဒွန်းစဏ္ဍား(သူတောင်းစား)ရွာတွင် ဘုရားလောင်းမာတင်္ဂ (တောင်းရမ်းသောသူ)ကို မွေးဖွားခဲ့သည်ဟု ဗုဒ္ဓ၀င်ကျမ်းစာများတွင် ဖော်ပြထားသော ပုံတော်စုံနိပါတ်တော်လာ ဇာတ်တော်ငါးရာ့ငါးဆယ်အနှစ်ချုပ်တွင် ရေးသားဖော်ပြထားသည်။ သူတို့က ထိုဘုရားလောင်းမျိုးနွယ်စုမှ ဆင်းသက်လာသည်ဟု မင်္ဂလာသာစည်ရပ်ကွက်နေသူများ ယုံကြည်ခဲ့ခြင်းကြောင့် ယခင်ကတည်းက တောင်းရမ်းလာခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်ရှိ ဒေသခံများကဆိုကြသည်။

၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စပ်ရွှေသိုက်က “ရာဇ၀င်တွင် ရှေးရှေးသောအခါမှစ၍ ရှေးမင်းများအာဏာစက်ကြောင့် ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ ကယ်ပါ၊ သင်္ဂျီ စသည့်လူတန်းစား အနှိမ်ခံရသူတို့လည်း ရှိနေကြသည်။ ဤကဲ့သို့ အနှိမ်ခံရသော လူတန်းစားများကို ယနေ့မှစ၍ ရှေးမင်းအာဏာစက်များကို ကျွန်ုပ်ပယ်ဖျက်၍ ထိုလူတို့၏သဘောအတိုင်း လုပ်လိုသောအလုပ်မျိုးစုံတို့ကို လွတ်လပ်စွာလုပ်ကိုင်ကြပါစေ။ ကျွန်ုပ်အမိန့်ချမှတ်သည်”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှထုတ်ဝေသည့် မြန်မာနိုင်ငံလူမှုဝန်ထမ်းသမိုင်းစာအုပ်တွင် ဖော်ပြထားသည်။

“သူတောင်းစားဆိုတာ ပုဂံခေတ်တုန်းက မပေါ်သေးပါဘူး။ ကုန်းဘောင်ခေတ်ကြမှ ပေါ်လာတာပါ။ သူတို့က ဘုရားကျွန်တွေပါ”ဟု သမိုင်းပါမောက္ခအငြိမ်းစား၊ မြန်မာ့သမိုင်းအဖွဲ့ဝင်၊ သမိုင်းပညာရပ်ကို နှစ်ခြောက်ဆယ်ဝန်းကျင်လေ့လာခဲ့သူ ဒေါက်တာတိုးလှကဆိုပါသည်။

ရှေးမင်းများသည် ဘုရားတွင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဘုရားကျွန်များအဖြစ်ထားရှိပြီး ထိုဘုရားကျွန်များသည်လည်း တောင်းရမ်းခြင်းမရှိကြောင်း၊ မင်းကပေးသော လယ်ယာမြေများကိုသာ လုပ်ကိုင်ကြောင်း၊ နောက်ပိုင်းတွင် ၎င်းဘုရားကျွန်နေရာများသို့ ထောင်များမှထွက်လာသော လူဆိုးများကို ဘုရားကျွန်နေရာများတွင် မင်းများကထားရှိသောကြောင့် အဆိုပါဘုရားကျွန်များသည် အပြင်ထွက်၍တောင်းရာမှ သူတောင်းစားဘ၀သို့ ရောက်ရှိသွားကြောင်း ဒေါက်တာတိုးလှကဆိုသည်။

ပါလီမန်ခေတ် ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ပုဂံမြို့တွင် ဘုရားကျွန်၊ သူတောင်းစားများ ပပျောက်ရန်အတွက် လူထုပညာရေးကောင်စီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဝန်ကြီးဦးဘစောက ပုဂံမြို့သရပါတံခါးအနီး သဗ္ဗညုစေတီတော်ရှေ့တွင် ကယ်ပါလွတ်မြောက်ရေး ဘ၀စီမံကိန်းတစ်ခုပြုလုပ်ခဲ့သည်။ သို့သော် လက်တွေ့တွင် သူတောင်းစားများမှာ ပျောက်ကွယ်သွားခြင်းမရှိခဲ့ပေ။

ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနောက်ရှိ မင်္ဂလာသာစည်ရပ်ကွက်သို့ ၀င်လိုက်လျှင် သန့်ရှင်းသပ်ရပ်သောလမ်းမနှင့် သန့်ရှင်းစွာထားရှိသောလူနေအိမ်များ တွေ့မြင်ရသည်။ လမ်းမကြီးတစ်လျှောက်နှင့် လူနေအိမ်များအတွင်းတွင် အမှိုက်များမတွေ့ရပေ။ ထိုရပ်ကွက်ရှိ လူနေအိမ်အများစုကတော့ ထရံကာသွပ်မိုးအိမ်များသာဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများလာပြီး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသဖြင့် သူတောင်းစားအဖြစ်မှ အများစုမှာ ဟိုတယ်ဝန်ထမ်း၊ ပန်းရံလုပ်ငန်း၊ ဈေးအရောင်းအ၀ယ်လုပ်ငန်းများ
စသည်တို့ လုပ်ကိုင်နေကြပါပြီ။ တိုးတက်ပြောင်းလဲလာသော ခေတ်ရေစီးအရ မင်္ဂလာသာစည်ရပ်ကွက်မှ ၂၀၁၃ ခုနှစ်တွင် တက္ကသိုလ်များ၌ ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား
ဆယ်ဦးကျော်ရှိနေပါပြီ။

“အကုန်လုံးပြောင်းလဲနိုင်အောင် ကြိုးစားရမယ်။ ပညာတတ်တွေ များများပေါ်ထွက်အောင် လုပ်ရမယ်။ တချို့လူငယ်တွေဆို ဟိုတယ်တွေမှာ ၀င်လုပ်နေကြပါပြီ”ဟု မင်္ဂလာသာစည်ရပ်ကွက်
အုပ်ချုပ်ရေးမှူးကိုအောင်ကိုမင်းက ပြောသည်။

ညောင်ဦးမြို့ဒေသခံများသည်ပင် မင်္ဂလာသာစည်ရပ်ကွက်သည် သူဖုန်းစားများနေထိုင်သောရပ်ကွက်ဟု သတ်မှတ်ထားပြီး မည်သို့ပင်လုပ်ကိုင်စားကြသည်ကို တိတိကျကျမသိကြောင်း ကိုအောင်ကိုမင်းကဆက်ပြောသည်။

“ဒီရပ်ကွက်ကို ညောင်ဦးကလူတွေတောင် မလာကြဖူးတဲ့သူတွေရှိပါတယ်။ လူ့ဘ၀မှာ ဒါ့ထက်နိမ့်ကျတာတော့ မရှိပါဘူး။ သူတို့လည်း မလုပ်ချင်တော့ပါဘူး”ဟု ကိုအောင်ကိုမင်းက ခပ်တိုးတိုးပြောသည်။ သူကတော့ တောင်းရမ်းနေကြခြင်းကို နှစ်မြို့ခြင်းမရှိပေ။ စီးပွားရေးအခြေအနေ၊ ဘ၀ပေးကုသိုလ်ကံကြောင့် လက်ရှိအချိန်ထိ တောင်းရမ်းနေသူများကတော့ မြို့နှင့်အနည်းငယ်ဝေးသော ကျေးရွာများ၏ ဘုရားပွဲများဆီသို့ သွားနေကြမြဲပါ။ “တောင်းတာကို ရပ်လိုက်လို့မရသေးဘူး။ တောင်းချင်နေတာလည်း မဟုတ်ပါဘူး။ အဘွားတို့ကတော့ သွားနေကျဘုရားပွဲတွေကို ဆက်သွားနေရအုံးမှာပဲ”ဟု ဒေါ်သန်းမြင့်ကပြောသည်။

ဓာတ်ပုံ- ငြိမ်းချမ်း
7Day News Journal