ကော်ဖီရောင် ချင်းတွင်းမြစ်နှင့် ခပ်စိပ်စိပ်ကြုံလာရသော ပတ်ဝန်းကျင်ပြဿနာများ

ပို့စ်တင်ချိန် - 9/29/2013 08:40:00 PM


တနိုင်းခ၊ တဝှမ်းခ မြစ်နှစ်စင်းမှ မြစ်ဖျားခံ စီးဆင်းလာသည့် ချင်းတွင်းမြစ်ရေ၏ အရောင်သည် ၁၂ ရာသီလုံး ကော်ဖီရောင် ဖြစ်နေလေပြီ။ လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့် ဆောင်းတွင်းကာလ များတွင် ကြည်လင်ပြာလဲ့သည့် ရေအရောင်ကို ယခုချိန်တွင် ပြန်လည်တမ်းတ၍ မရတော့ဟု အသက် ၈၀ ဝန်းကျင် မုံရွာမြို့ခံလူကြီးတစ်ဦးက တမ်းတမ်းတတ ပြောဆိုသည်။

ဆယ်စုနှစ်နှစ်စုကြာ ဖြတ်သန်းခဲ့ပြီးနောက် ချင်းတွင်းမြစ်ရေလည်း နောက်ကျိ ခဲ့ရလေပြီ။ ပစ္စည်းများပျက်လျှင် ပြင်၍ ရနိုင်ငြားသော်လည်း ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများတွင် တစ်ခုအပါအဝင် အဖြစ် ပြောနိုင်သော မြစ်ရေ အရောင်ပြောင်းလဲမှုမှာ တစ်နှစ် ထက်တစ်နှစ် ပိုမိုသိသာ ဆိုးရွားလာသည်။

"ချင်းတွင်းမြစ်က ရေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စုအချိန်က လက်ဖက်ရည်ကြမ်း သောက်ရတဲ့အရသာက တော်တော် ကောင်းခဲ့တယ်" ဟု မြစ်ရေ ကြည်လင်ခဲ့စဉ် က မြစ်ရေနှင့် လက်ဖက်ရည်ကြမ်း သောက်ခဲ့ရပုံကို အသက် ၈၀ ဝန်းကျင် မုံရွာမြို့ခံ ရှေ့မီနောက်မီ လူကြီးတစ်ဦးက ပြောကြားသည်။

ချင်းတွင်းမြစ်သည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလ အချိန်တွင် မိုးတွင်း ရေကြီးချိန်တွင်သာ မြစ်ရေနောက်ကျိမှု ရှိပြီး တော်သလင်းလနှင့် သီတင်းကျွတ်လ တို့တွင်မြစ်ရေမှာ တည်ငြိမ်ကာ ဆောင်းကာလများတွင် ကြည်လင်ပြီး ပြာနေကြောင်း၊ လက်ရှိတွင် မြစ်ရေမှာ အချိန်ပြည့် နောက်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ချင်းတွင်းမြစ်ရေများ နောက်ကျိလာမှုမှာ မြစ်အထက်ပိုင်းတွင် သစ်ပင်သစ်တောများ ပြုန်းတီးလာမှုကြောင့် မြေဆီလွှာမှ အနည်အနှစ်များ မြစ်အတွင်းသို့ စီးဝင်မှု များပြားလာခြင်းကြောင့် ဖြစ်ပြီး၊ ယင်းကြောင့် မြစ်ရေမှာ ကော်ဖီရောင်ကဲ့သို့ အညိုရောင်ရှိသော အရောင်သို့ ဖြစ်လာရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။ မြစ်ရေများ နောက်ကျိမှုများပြားလာ သကဲ့သို့ မုံရွာမြို့၏ ကမ်းနားမှ အမှိုက်ပုံများ မှာလည်း တစ်နှစ်ထက်တစ်နှစ် များပြားလာလျက်ရှိသည်။ အိမ်တွင်းမီးဖိုချောင်ထွက် အမှိုက်များကို ကမ်းနားနှင့်နီးသူများက လွယ်လင့်တကူ ပစ်နိုင်သော ကမ်းနားတွင် ပစ်လာမှုများသည်လည်း တစ်စတစ်စ များပြားရှိလာသည်။

ချင်းတွင်းမြစ်ရေကျချိန် ကမ်းနားတာရိုး၏ အမြင့်နှင့် အမှိုက်ပုံ၏အမြင့်တို့မှာ ယှဉ်ပြိုင်လျက်ရှိသည်။ ရေကြီးချိန်တွင် ယင်းအမှိုက်များမှာ မြစ်ရေစီးနှင့်အတူ ပါဝင်သွားလေ့ရှိပြီး ယင်းအမှိုက်များထဲတွင် နစ်ပေါင်းများစွာကြာမှ ပျက်စီးနိုင်သော ကြွပ်ကြွပ်အိတ် များလည်း ပါဝင်ပေသည်။
"ကြွပ်ကြွပ်အိတ်တွေ မြစ်ထဲမှာ ရှိနေတာက ရေသတ္တဝါတွေရဲ့ အသက်အန္တရာယ် ကို ခြိမ်းခြောက်ခံရတာပဲ။ အစာအမှတ်နဲ့ စားသုံးပြီး ရေသတ္တဝါတွေ သေကျေ ပျက်စီးမှုတွေ ဖြစ်နိုင်တယ်" ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။

ယခင်က ချင်းတွင်းမြစ်တွင်းတွင် တံငါလှေများဖြင့် ငါးဖမ်းနေကြသည့် မြင်ကွင်းများမှာ မြစ်ကမ်းဘေးမှကြည့်လျှင် နေ့စဉ် မြင်တွေ့နေကျ ဖြစ်ပြီး ယခုအချိန်တွင် ငါးဖမ်းသည့် တံငါလှေများကို မုံရွာမှ ဟုမ္မလင်းသို့ ရေလမ်းမှ ခရီးသွားခဲ့သည့် တစ်လျှောက် မမြင်ရသလောက် နည်းသွား ပြီဖြစ်ကြောင်း မကြာသေးခင်အချိန်က ဟုမ္မလင်းသို့ ခရီးရှည်သွားခဲ့သည့် မုံရွာမြို့ခံ စာရေးဆရာ ကဗျာဆရာကြီး ဦးအံ့မောင်က ဆိုသည်။

မြစ်အတွင်းမြစ်ရေ နောက်ကျိလာမှု နှင့် မြစ်ရေအတွင်း အမှိုက်သရိုက်များ များပြားစွာ ပျော်ဝင်လာမှု၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် ဆယ်စုနှစ်နှစ်စုအတွင်း တဖြည်းဖြည်းဖြင့် မြစ်ငါး ရှားပါးလာခြင်းနှင့် ငါးဖမ်းသူ နည်းပါးသွားခြင်းတို့က သက်သေ ထူနေသည်။ အလားတူ မုံရွာမြို့ ပေါ်တွင်လည်း ဆယ်စုနှစ် နှစ်စုခန့်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်ခဲ့ပြီဖြစ်သည်။

မုံရွာမြို့တွင် အင်းလေးအင်း၊ ကုန်းလေးကုန်း၊ ကျစ်လေးကျစ်၊ ခြင်္သေ့လေးကောင်၊ ထန်းလေးပင် စသည့် ဆိုရိုးစကားများ ရှိခဲ့သော်လည်း အင်းလေးအင်းမှာ လက်ရှိတွင် နှစ်အင်းသာ မြို့ပေါ်တွင် ကျန်ရှိတော့သည်။ ယခင်က ကွေ့ကြီးအင်း၊ ပေကုန်းအင်း၊ အင်းဇောင်းကြီး၊ ထန်းတော အင်းဟူ၍ ရှိခဲ့ရာမှ ယခုအခါ ပေကုန်းအင်းနှင့် အင်းဇောင်းကြီးတို့မှာ လူနေ ရပ်ကွက်များ အဖြစ် တည်ရှိနေခဲ့ပြီ ဖြစ်သည်။
"ဟိုးအရင်က အင်းကြီးတွေထဲမှာ ရေတွေဝင်တယ်။ ချင်းတွင်းမြစ်ရေကြီးချိန်ဆို အင်းတွေကနေ ရေသွင်းရတယ်။ အင်းဇောင်းကြီးမှာဆို လှေပြိုင်ပွဲတွေ ပြုလုပ်တာတွေ ရှိခဲ့တယ်။ နွေမှာဆိုရင်တော့ အဲဒီအင်းကြီးထဲမှာ ရေမရှိဘူး။ လေတံခွန် လွှတ်လို့ရတယ်" ဟု အသက် ၆၀ အရွယ် မုံရွာမြို့ခံတစ်ဦးက ဆိုသည်။

ဘုရားကြီးရပ်ကွက် အတွင်းရှိ အင်းဇောင်းကြီးရှိခဲ့စဉ် ကာလက မုံရွာမြို့ တစ်မြို့လုံးမှ အသုံးပြုသော သုံးရေများသည် ရေမြောင်းမှတစ်ဆင့် အဆိုပါအင်းကြီးထဲသို့ စီးဝင်ပြီး ယင်းအင်းကြီးထဲတွင် အနည်ထိုင်စေပြီးမှ ချင်းတွင်းမြစ်အတွင်း ရေဆိုးများ ထုတ်လွှတ်ကြောင်း မုံရွာမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။ မုံရွာမြို့၏ ရေမြောင်းစနစ်ကို ပြန်လည်သုံးသပ်ရန် လိုလာပြီး ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးစွာဖြင့် မြစ်အတွင်း စနစ်တကျ ပြန်လည်စီးဆင်းနိုင်ရန်မှာ စိန်ခေါ်မှု တစ်ခုအဖြစ် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း မုံရွာမြို့ခံအများစုက သုံးသပ်ကြသည်။

လွန်ခဲ့သောသုံးနှစ်ခန့်က အင်းများအတွင်း မြစ်ရေဝင်ရောက်ခြင်း မရှိခဲ့သည့် အတွက် မြို့ခံများအကြား သဘာဝပတ်ဝန်းကျင် သတိပေးခေါင်းလောင်းသံ မြည်လာခဲ့ပြီး မုံရွာမြို့ဝန်းကျင် ရာသီဥတု ပြောင်းလဲမှုကို သိသာစွာ ခံစားခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၀ နွေလမျာြး ဖစ်သော မတ်၊ ဧပြီ၊ မေလများတွင် မုံရွာမြို့ရှိ မြေအောက်ရေတွင်းများ ခန်းခြောက်ခဲ့ပြီး မြို့လူထု သောက်ရေသုံးရေ အတွက် ဒုက္ခရောက်ခဲ့ရသည်။

ကမ္ဘာ့ရေထု၏ ၉၇ ဒသမ ၂ ရာခိုင်နှုန်း မှာ ပင်လယ်ဆားငန်ရေများ ဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များရှိ ရေပမာဏမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ရေခဲအဖြစ် တည်ရှိ နေသောရေက၂ ဒသမ ၁၅ ရာခိုင်နှုန်း၊ မြေအောက်ရေ ပမာဏက ၀ ဒသမ ၆၂ ရာခိုင်နှုန်းသာ ရှိသည်ဟူ၍ ဒေါက်တာ ဇော်မြင့်နီ ရေးသားသည့် သဘာဝပတ်ဝန်းကျင် ချစ်သူများရဲ့ ရင်ထဲမှာ စာအုပ်တွင် ဖော်ပြထားသည်။

"ကိုယ်ပိုင်စက်ရေတွင်းတွေ အလွယ်တကူ တူးပြီး ရေကို ထင်သလို သုံးနေကြတယ်။ အဝတ်ဖွပ်ရင်း၊ ရေချိုးရင်း ရေတွေက ပေါင်းလန်အောင် လျှံကျနေတာ ပိတ်ရကောင်းမှန်း မသိဘူး။ အဲလိုလူတွေက နေရာတိုင်းရှိတယ်။ တကယ်တော့ မြေအောက်ရေ ဆိုတာကလည်း သူ့အကန့်အသတ်နှင့်သူ ရှိတယ်။ စည်းကမ်းမဲ့ ထုတ်သုံးလို့ရတာ မဟုတ်ဘူး။ ဒါကို လူတိုင်းသိဖို့လိုတယ်" ဟု မုံရွာတက္ကသိုလ် ဘူမိဗေဒဌာနမှ တွဲဖက် ပါမောက္ခတစ်ဦးက ဆိုသည်။
ကော်ဖီရောင်ထသော မြစ်ရေ၊ စီးစရာမရှိသော ရေမြောင်းများ၊ ရှားပါးလာသည့် မြစ်ငါးများနည်းတူ မုံရွာမြို့အတွင်း နေ့စဉ် စီးဝင်နေသော ရေများထဲပါလာသော ပျက်စီးရန် မလွယ်သည့် ကြွပ်ကြွပ်အိတ် များ၏ ရန်မှာလည်း စိုးရိမ်စရာပင်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မုံရွာမြို့ အား ကြွပ်ကြွပ်အိတ် ကင်းစင်နယ်မြေ အဖြစ် သတ်မှတ်ခဲ့ပြီး ဗီနိုင်းကြီးများ မြို့အတွင်းတွင် လိုက်လံချိတ်ဆွဲ ခဲ့ကြသည်။ သို့သော် ယနေ့အချိန်အထိ မုံရွာမြို့ ပေါ်တွင် ကြွပ်ကြွပ်အိတ်များ မပျောက်သေး။ ဖောဖောသီသီ သုံးစွဲနေကြဆဲ ဖြစ်သည်။

"အစားထိုးအနေနဲ့ ပလတ်စတစ်အိတ် အသုံးပြုလို့ရတယ် ဆိုပေမယ့် အိတ်ကတ် (အထုပ်လိုက်) ဝယ်ရင် ကြွပ်ကြွပ်အိတ်က ပလတ်စတစ်အိတ်ထက် အလုံးရေပိုတော့ သုံးစွဲသူတွေက ဆိုးကျိုးကို မကြည့်ဘူး။ အရေအတွက်ကိုပဲ ကြည့်ပြီးတော့ သုံးနေတယ်" ဟု မုံရွာမြို့ ချင်းတွင်းရတနာဈေး အတွင်း ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ပြောသည်။

ကြွပ်ကြွပ်အိတ် ရောင်းချသူနှင့် သုံးစွဲသူများကို ထိထိရောက်ရောက် ကိုင်တွယ်မှု မရှိခဲ့ဘဲ ကြေညာချက် ကပ်ရုံတစ်ခုထဲဖြင့်တော့ ကြွပ်ကြွပ်အိတ်များမှာ ပပျောက်မသွားနိုင်ပေ။ မုံရွာမြို့ နန္ဒဝန် ရပ်ကွက်နှင့် ထန်းတောအင်းများအနီး ဝန်းကျင် လူနေကျဲသောနေရာများတွင် ကြွပ်ကြွပ်အိတ်များမှာ ပျံဝဲနေဆဲ ဖြစ်သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် မုံရွာမြို့၏ အမှိုက်သိမ်းစနစ်အား မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ လွှဲပြောင်းပေး အပ်ခဲ့ပြီး ယင်းကုမ္ပဏီမှ လက်ရှိအချိန်တွင် မုံရွာမြို့၏ အမှိုက်သိမ်းစနစ်အား တာဝန်ယူနေပြီ ဖြစ်သည်။
"လက်ရှိအနေအထား ကတော့ မုံရွာမြို့ထဲက အမှိုက်ပုံကြီးတွေ အင်အားကြီးတဲ့ အမှိုက်ပုံကြီးတွေကို အရင် သိမ်းဆည်းဖို့ လုပ်ဆောင်နေပါတယ်။ အမှိုက်ပစ်တဲ့ နေရာကတော့ သတ်မှတ်ပေးတဲ့ နေရာ ဖြစ်တဲ့ ဆားကျင်းသုသာန်မှာ ပစ်နေတယ်" ဟု အမှိုက်သိမ်းစနစ်အား လုပ်ကိုင်ခွင့် ရသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"သုသာန်တွေမှာ အမှိုက်ပစ်တယ် ဆိုတာကတော့ မှန်ကန်တဲ့ အဖြေတစ်ခု မဟုတ်ဘူး။ အမှိုက်ပုံနေရာ၊ ပစ်မယ့်နေရာကို ဘယ်လိုရွေးချယ်မလဲ၊ စနစ်တကျ စွန့်ပစ်ဖို့ အမှိုက်ကန်တွေ အမှိုက်ချိုင့်တွေကို ဘယ်လိုတူးမယ် ဆိုတာတွေကို စနစ်တကျ လေ့လာပြီးပစ်ရင်တော့ ဒီထက်ပိုကောင်းတဲ့ စနစ် ဖြစ်လာမှာပါ" ဟု သဘာဝပတ်ဝန်းကျင် ဆောင်းပါးများ ရေးသားနေသည့် ဆောင်းပါးရှင်တစ်ဦးက သုံးသပ်သည်။

ပတ်ဝန်းကျင် ယိုယွင်းမှုများကို မုံရွာ ခံစားလာရ သည်မှာလည်း တစ်နှစ်ထက် တစ်နှစ် သိသာလာသည်။ မုံရွာတွင် နွေလများတွင် အပူချိန်များမှာလည်း ပြင်းထန်လွန်းလှသည်။ အပူပိုင်းစိုက်ဆင်း လေပြင်းများသည် မြို့ပေါ်တစ်မျိုး၊ မြို့ ပြင်တစ်ဖုံ နွေလများတွင် အလည်ရောက်လာ တတ်သေးသည်။ လွန်ခဲ့သည့်နှစ်များနှင့် ယခု နှစ်များတွင် မိုးခေါင်မှုများ၊ မိုးရွာလျှင် အဆက်မပြတ် ရွာသွန်းမှုများနှင့် မိုးများ၍ ဆည်ရေများ လျှံကျခဲ့မှုများသည် ပတ်ဝန်းကျင် ယိုယွင်းလာမှု၏ အမှတ်သင်္ကေတများ ဖြစ်လာတော့သည်။

ဆယ်စုနှစ် နှစ်စုအတွင်း သဘာဝ သယံဇာတများကို အဆမတန် ထုတ်ယူပြီး ပြန်လည်အစားထိုးခြင်း မပြုခဲ့၍ ချင်းတွင်းမြစ်ကြီးမှာ ကော်ဖီရောင် ပေါက်၍နေပေပြီ။ ယခုအတိုင်းသာ ပြဿနာများကို အဖြေ မရှာဘဲ ဆက်သွားပါက မုံရွာအပါအဝင် ချင်းတွင်းမြစ်ရိုး တစ်လျောက် မြို့ရွာများမှာ ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝဘေး အန္တရာယ်များကို ခံစားရတော့မည် ဖြစ်သည်။
"ချင်းတွင်းမြစ်ကရေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စု အချိန်က လက်ဖက်ရည်ကြမ်း သောက်ရတဲ့ အရသာက တော်တော် ကောင်းခဲ့တယ်" ဟု မြစ်ရေကြည်လင်ခဲ့စဉ်က မြစ်ရေနှင့် လက်ဖက်ရည်ကြမ်း သောက်ခဲ့ရပုံကို အသက် ၈၀ ဝန်းကျင် မုံရွာမြို့ခံ ရှေ့မီနောက်မီ လူကြီးတစ်ဦးက ပြောဆိုသည်။

The voice myanmar