လောဂျစ်တွေ သတိထား (Beware of Logic)
ပို့စ်တင်ချိန်
- 9/18/2013 03:42:00 PM
(၁)
လောဂျစ် (Logic)။ ကျွန်တော်တို့ မော်လမြိုင် ကောလိပ်တွင် ကျောင်းနေစဉ်က သင်ရသည်။
"ဗျိုင်းသည်ဖြူသည်။ ထုံးသည်ဖြူသည်။ ထို့ကြောင့် ထုံးသည် ဗျိုင်းဖြစ်သည်"
"ကျီးသည်မည်း၏။ မီးသွေးသည်မည်း၏။ ထို့ကြောင့် မီးသွေးသည် ကျီးဖြစ်၏"
ထိုလောဂျစ်များသည် မှားကြောင်းဆရာမက ထောက်ပြခဲ့သည်။
(၂)
အင်္ဂလိပ်တို့၏ စုန်းဟုတ်မဟုတ် စစ်ဆေးသောနည်းတွင် စုန်းယိုးသူကို ရေထဲချသည်။ ၁၅ မိနစ်ကြာတော့ ပြန်ဆယ်သည်။
မသေရင်စုန်း၊ မီးရှို့သတ်သည်။ သေရင်စုန်းမဟုတ်။ အပြစ်က လွတ်သည်။
ကြောက်စရာကောင်းသော လောဂျစ်ဖြစ်သည်။ နှစ် ၂၀၀ ကျော်ကြာမှ ထိုစီရင်ချက် မှားနေသည်ကို သိသည်။
ပြင်သစ်လူဝီဘုရင်၏ မိဖုရား Marie Antoinette (၁၇၅၅-၁၇၉၃) သည် ပြင်သစ်တော်လှန်ရေး ဖြစ်နေစဉ် လမ်းပေါ်တွင် ဘာတွေအော်နေတာလဲဟု သူမ၏ အထိန်းတော်များကို မေးသည်။ "လူတွေက ပေါင်မုန့်တောင်းနေတာပါ။ ငတ်နေကြလို့" ဟု အထိန်းတော်က ပြောသောအခါ "အတော်အတဲ့ လူတွေပဲ။ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့" ဟု ပြောဖူးသည်။
ထိုလောဂျစ်များကို အကန့်အသတ်ကြောင့်ဖြစ်သော လောဂျစ်မှားများဟု ဆိုသည်။ မိမိသိသော ဘောင်အတွင်းမှ တွေးတောရရှိသော လောဂျစ်သာ ဖြစ်သည်။
(၃)
ထိုလောဂျစ်မှားကြောင်း မသင်လည်း တတ်ပါသည်။ လူ၏ ဥာဏ်ရည်ဥာဏ်သွေး (Human Intelligence) သည် ဆင်ခြင်ခြင်းဖြင့် တိုးတက်သလို ဆင်ခြင်ရာမှလည်း ဥာဏ်ရည်ဥာဏ်သွေး တိုးတက်လာသည်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဗုဒ္ဓအဘိဓမ္မာများကို ဖတ်ရသည်။ သင်ရသည် ဘုန်းတော်ကြီး ကျောင်းများတွင် တရားတွေ နာကြရသည်။
ခုံတော်မောင်ကျဘမ်းလို စာအုပ်တွေကို ဖတ်ရသည်။ စကားတောင်စားကို ဖတ်ရသည်။ ၅၅၀ နိပါတ်တော်၊ အီစွပ်ပုံပြင်များသည် ဥာဏ်ရည်ဥာဏ်သွေးကို ဆင်ခြင်တွေးခေါ်နိုင်သည့်ဘက်ကို ဦးတည်သည်။
ပုံပြင်များစွာတွင် ဒဿနတွေ ပါသလို လောဂျစ်တွေ ပါသည်။
ဗုဒ္ဓဘုရားရှင် လက်ထက်ကပါ။ သိဉ္စည်းဆရာကြီးကို တပည့်များက ပြောသည်။
"ဆရာကြီးဗုဒ္ဓရဲ့ တရားတွေဟာ အင်မတန် ကောင်းမွန်မှန်ကန် သင့်မြတ်တယ်။ ဒါကြောင့် လူလိမ္မာများစွာဟာ ဗုဒ္ဓဂေါတမနောက်ကို လိုက်သွားကုန်ကြပြီအရှင်၊ ဘယ်လိုလုပ်ကြမှာလဲ" ဒီလိုမေးတော့ ရဟန်းကြီးက ရယ်သတဲ့။
"တပည့်တို့ လောကမှာ လူမိုက်နဲ့ လူလိမ္မာ ဘယ်သူက များပါသလဲ"
"လူမိုက်က များပါတယ်"
"ဒါကြောင့် မင်းတို့မပူကြနဲ့။ ငါ့နောက်မှာလည်း တပည့်တွေများစွာ ရှိနေကြမှာပါပဲ"။ ၎င်းသည် လောဂျစ်ဖြစ်သည်။
အမှားအမှန်ကို ဆိုလိုသည် မဟုတ်။ ဒါဆိုရင် နောက်ဆက်တွေးကြည့်ပါ။ လူမိုက်အရေအတွက်တွေ များသည်။
ဆရာကြီးတွင် တပည့်တွေ များမည်။ ထို့ကြောင့် ဆရာကြီးသည် လူမိုက်ဖြစ်သည်။
သိဉ္စည်းဆရာကြီးကိုယ်တိုင် လူမိုက်တို့၏ ဆရာကြီးအဖြစ် မိမိကိုယ်မိမိ ခံယူကြောင်း သူ့စကားအရ သိနိုင်ပါသည်။
ဒီတော့ ဗုဒ္ဓ၏ မင်္ဂလာတရားကို ရှုနိုင်သည်။
"လူမိုက်ကို ပေါင်းသင်းရင် မင်္ဂလာ မရှိဘူး။ ပညာရှိကို ပေါင်းသင်းမှ မင်္ဂလာ ရှိမယ်"
မှန်သည်။ ထို့ကြောင့် မှန်ကန်သော လောဂျစ်ကိုရဖို့ ဆင်ခြင်ရန် လိုအပ်သည်။
(၄)
သို့သော် နိုင်ငံရေး နယ်ပယ်တွင် စကားအသုံးအနှုန်းတွေကို ပြင်ဆင်ကာ လူတွေကို လှည့်စားသည်။ ဥပမာ-
"ပြည်နယ်တွင် ပညာရေး တိုးတက်မှုအတွက် လုပ်ဆောင်ရာ အထက်တန်းကျောင်း အရေအတွက် ရာခိုင်နှုန်း ၂၀၀ တိုးမြင့်လာကြောင်း တွေ့ရသည်"။ ထိုသတင်းမျိုးကို ဖဆပလ လက်ထက်က တွေ့ရသည်။
အမှန်မှာ မူလက အထက်တန်းကျောင်း တစ်ကျောင်းသာ ရှိနေသော ပြည်နယ်တွင် ကျောင်းနှစ်ကျောင်း ဖြစ်လာကြောင်း ရေးနိုင်ပါသည်။ သို့သော် မရေးပါ။
ရာခိုင်နှုန်း ၂၀၀ တိုးတက်လာသည်ဟုရေးကာ လှည့်စားပါသည်။
မိုးလေ၀သကလည်း ကြေညာသည်။
ရွာရန်ရာခိုင်နှုန်း ၅၀ ဖြစ်ပါသည်တဲ့။ တကယ်တော့ "ရွာချင်ရွာမယ် မရွာချင်နေမယ်" ဟု ပြောသည်နှင့် တူသည်။
မကြာသေးမီက ဒေါက်တာဆိတ်ဖွားကို ရှာဖွေသည်။ (ကျွန်တော်လည်း နေပြည်တော်တွင် သွားရောက်အစစ်ခံရ ပါသည်)
ဤတွင် အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးက "ကျွန်တော်မဟုတ်ပါ။ ကျွန်တော့်လက်အောက် ၀န်ထမ်းလည်း တစ်ယောက်မှ မဟုတ်ပါ" ဟု ရဲရဲကြီး အာမခံသွားခဲ့သည်။
"ကျွန်တော်မဟုတ်ပါ" ဆိုသော စကားကို ဘယ်သူမဆို ပြောနိုင်ပါသည်။ ဒါပေမဲ့ "ကျွန်တော့်လက်အောက်က ၀န်ထမ်းလည်း တစ်ယောက်မှ မဟုတ်ပါ" ဆိုတာကိုတော့ စဉ်းစားစရာ ဖြစ်လာပါသည်။ ဘယ်အကြီးအကဲမှ မိမိဝန်ထမ်းဘာ ဆိုတာကို အတိအကျ မပြောနိုင်ပါ။ အမေရိကန်တို့၏ လျှို့ဝှက်ချက်ကို နာဆာမှဝန်ထမ်း ကွန်ပျူတာကျွမ်းကျင်သူ Edward Snowden သည် စုဆောင်းရယူခဲ့သည်။ ပြီးတော့ နိုင်ငံခြားကို ထွက်ပြေးခဲ့သည်။ ဒါကို အမေရိကန်တို့ မသိပါ။
မန္တလေးမှ ရဲစခန်းက အဖြစ်ကို ကြည့်ပါ။ ဆရာသည် တပည့်ကို နေရာတကာမှာ တာဝန်မခံနိုင်ပါ။ ထိုပုဂ္ဂိုလ်က သူတို့တစ်ယောက်မှ မဟုတ်ကြောင်း အတိအကျ ပြောနိုင်လျှင် ဆိတ်ဖွားသည် သူဖြစ်ရမည်ပေါ့။ ကျွန်တော်စွပ်စွဲသည် မဟုတ်ပါ။ လောဂျစ်ကို တင်ပြနေခြင်း ဖြစ်သည်။
(၅)
တစ်ခုတော့ ပြောလိုပါသည်။
စက်တင်ဘာ ၁၂ ရက်ထုတ် Daily Eleven သတင်းစာပါ နိုင်ငံဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြားဘဏ် ငွေစာရင်း၊ အကောင့်ငါးခုနှင့် ပတ်သက်၍ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က Facebook စာမျက်နှာတွင် ရှင်းလင်းထားရာ အစိုးရအနေဖြင့် နိုင်ငံပိုင် ငွေများအား ပြည်ပတွင် လုံးဝအပ်နှံထားခြင်း မရှိကြောင်း ကမ္ဘာ့ဘဏ်ကလည်း ယင်းကိစ္စ မှန်ကန်မှု မရှိသည်ကို သတင်းထုတ်ပြန်ရန်ရှိကြောင်း ဖော်ပြထားသည်။
ထိုအချက်အလက်သည် သူ၏တင်ပြချက်ဖြစ်၍ လောဂျစ်သဘောအရ လက်ခံရပေမည်။
သို့သော် "ဒီလောက်များတဲ့ငွေတွေ ပြည်ပဘဏ်တွေမှာ (အပ်ထားတာကို)မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးနဲ့ ငွေကြေးအရ အရေးယူပိတ်ဆို့ နှစ်ပေါင်းများစွာ လုပ်ဆောင်လာတဲ့ အမေရိကန် ပြည်ထောင်စုက မသိဘဲ နေပါ့မလား။ ဒီထက်နည်းတဲ့ ငွေစာရင်းတွေတောင် ရှာဖွေပြီး ပိတ်ဆို့နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်။ BIC လို NGO ကတောင် သိနိုင်ရင် အီးယူဘာကြောင့် မသိတာလည်း စဉ်းစားကြည့်ပေါ့" တဲ့။ ဤလောဂျစ်ကတော့ မှားပါသည်။
အမေရိကန် အစိုးရတို့ အီးယူတို့ မသိတာနဲ့ BIC လို NGO က သိတာကို ဆက်စပ်လို့ မရပါဘူး။
အချို့ကိစ္စကို တစ်ရပ်ကွက်လုံး သိကြပေမယ့် သမီးတို့အဖေ မသိတာမျိုးတွေ အများကြီးပါ။
မိဘနှစ်ပါးသာ သိပေမယ့် တစ်ရပ်ကွက်လုံး သိချင်မှ သိပါမည်။ ရပ်ကွက်ထဲက ဆိုက်ကားသမား မောင်တိုးသည် မြန်မာစကား ကျွမ်းကျင်သည်။ အေဘီစီဒီလောက်တော့ တတ်သည်။ သို့သော် အိုဘားမားက မင်္ဂလာပါဟုသာ ပြောနိုင်သည်။ ကကြီးခခွေး တတ်ပါ့မလား။ အိုဘားမားသည် အမေရိကန် သမ္မတကြီးပဲ ကကြီးခခွေးလောက်တော့ တတ်မှာပဲဟု မပြောနိုင်ပါ။
မြန်မာစကား ရှိသည်။ "ဆန်ခိုးမမိ ဖွဲခိုးမိတဲ့" နည်းတာကို သိပေမယ့် များတာမသိတာ ဘာမှမဆန်းပါဘူး။
(၆)
လောကကြီးမှာ မသိတာ မတတ်တာ အများကြီးပါ။ ပုံပြင်လေးတစ်ခုကို ပြောလိုသည်။
တစ်ခါက ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးသည် လှေစီးကာ တစ်ဖက်ကမ်းသို့ ကူးသည်။ အခွင့်အခါရတုန်း တရားဟောမည်ဟု စိတ်ကူးကာ လှေသမားအား "မင်းဘုရားသခင်ကို သိလား"
"မသိပါအရှင်"
"ယေရှု ခရစ်တော်ကိုရော"
"မသိပါသခင်"
"ဒါဆို မယ်တော်မာရီကိုရော"
"မသိပါ"
"အင်း မင်းအတော်ခက်တဲ့ကောင်ပဲ မသိတာတွေ အများကြီးပဲ"
ဤတွင် မိုးသည်းထန်စွာ ရွာလာ၍ လေပြင်းတိုက်လာသည်။
"အရှင်ရေကူးတတ်လား"
"မတတ်ပါ"
"လှေကမှောက်တော့မယ်။ ကျွန်တော့် အင်္ကျီစကို သေသေချာချာ ဆွဲထားပါ။ မှောက်တဲ့လှေ ခိုစီးပြီးသွားမယ်။ ကျွန်တော့်ကို အသာဆွဲထား" လှေမှောက်သွားသည်။ သူတို့နှစ်ယောက် မှောက်သောလှေကို ခိုတွဲကာ ကမ်းကိုရောက်ခဲ့ကြသည်။
လောကမှာ မသိတာတွေ အများကြီးပါ။ အမေရိကန်နှင့် အီးယူတို့ကို အရမ်းအထင် မကြီးသင့်ပါ။
မြန်မာပြည်သူများလည်း သိတာတွေ အများကြီးပါ။ တစ်နှစ်တစ်နှစ် ဓာတ်ငွေ့ရောင်းရသော ဒေါ်လာဘီလျံ ဘယ်လောက်ရှိသလဲ။ သိသူတွေတော့ ရှိပါမည်။ အီးယူနှင့် အမေရိကန်တို့ မသိဘူးလို့တော့ မယူဆပါ။ (ဒါကတော့ ယူဆချက်သာ ဖြစ်သည်။ လောဂျစ်မဟုတ်ပါ)
စကားစ သတ်ပါတော့မည်။
အတွေးများကို မိမိသိသော ဘောင်အတွင်းမှ တွေးကြသည်။ မိမိကို သင်ကြားပေးသောကျောင်း (Institution) မှ ရရှိသော လောဂျစ်များဖြင့် ဆင်ခြင်ကြသည်။ ထိုဆင်ခြင်မှုသည် နှစ်ပေါင်း ၅၀ ကျော်အထိ အမြစ်စွဲနေကြသည်။
"ငါနှင့်မတူ ငါ့ရန်သူ" ဟူသော အတွေးမျိုးသည် မင်းအစိုးရ အားလုံးတွင် ရှိတတ်ကြသည်။ အမှန်တော့ နိုင်ငံသားအားလုံးတွင် တူညီသော ရည်ရွယ်ချက် ရှိသည်။ နိုင်ငံတော် တိုးတက်ဖို့ပါ။
ကမ္ဘာသား အားလုံးတွင်လည်း တူညီသော ရည်ရွယ်ချက် ရှိသည်။ ကမ္ဘာကြီး တိုးတက်ဖို့ပါ။
"ငါခေါင်းဆောင်ဖြစ်လို့ ငါပြောတာ မှန်တယ်" ဆိုသည့်ခေတ်ကို ထားပစ်ခဲ့ပါ။
မှန်ကန်စွာ ဆင်ခြင်တတ်ပါစေ။
(အခြေခံပညာ အထက်တန်းအဆင့် န၀မတန်း အတန်းတင် စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသားကျောင်းသူများကို မတ်လအတွင်းက တွေ့ရစဉ်)
(ဆောင်းပါးရှင်-ဒေါက်တာခင်မောင်ညို)
Eleven Media Group