မြန်မာတက္ကသိုလ်များကို အဆင့်ခွဲခြားခြင်း၊ အကဲဖြတ်ပြီး ဇယားစီခြင်း

ပို့စ်တင်ချိန် - 8/11/2013 03:01:00 PM


ဒီနှစ်တွေမှာ တက္ကသိုလ်တွေကို ဘယ်ဟာကပိုကောင်းတယ်၊ ဘယ်နေရာမှာ ပိုကောင်းတယ် ဆိုတာ အဆင့်ဆင့်ခွဲပြီး စီပြတာ ခေတ်စားလာပါတယ်။ တက္ကသိုလ် တစ်ခုနဲ့တစ်ခု၊ စီးပွားရေးကျောင်း တစ်ခုနဲ့တစ်ခုကို သူတို့ဆီလျှောက်တဲ့၊ သူတို့လက်ခံတဲ့ ကျောင်းသားတွေ အရည်အချင်း၊ ဆရာတွေရဲ့ သုတေသန စွမ်းဆောင်ရည်၊ သူတို့ထုတ်ပြန်တာကို ထုတ်ဝေတဲ့ ဘယ် အဆင့်မြင့်ဂျာနယ်တွေမှာ ပါတယ် ဆိုတာတွေ၊ စာသင်ပြကောင်းတာ၊ အဆောက်အအုံ (စာကြည့်တိုက်၊ လက်တွေ့ခန်း၊ အဆောက်အအုံ) အဆင့်မီတာ၊ ဟိုတုန်းက ဆိုရင် အင်တာနက် ဘယ်လောက်မြန်တယ် ဆိုတာလည်းပါသေး။ ဒါ့အပြင် တက္ကသိုလ်ရဲ့ အစဉ်အလာ အဆင့်အတန်းရှိမှု၊ လူလေးစားခံရမှု၊ သူ့ဘွဲ့ရတွေ အပေါ်မှာ လူအထင်အမြင်ကြီးခံရမှု တွေကိုကြည့်ပြီး ဒီကျောင်းကတော့ဖြင့် ဟိုကျောင်းထက် ပိုကောင်းတယ်၊ ဟိုနိုင်ငံက ဒီကျောင်းကဒီနိုင်ငံက ကျောင်းနှစ်ခုနဲ့ယှဉ်ရင် တစ်ခုထက်မြင့်ပေမယ့် နောက်တစ်ခုထက် နိမ့်တယ်လို့ ပြောတာကို Ranking လုပ်တယ် ခေါ်ပါတယ်။

ကမ္ဘာပေါ်မှာ ဒီလို Rank လုပ်တဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ တစ်ခုနဲ့တစ်ခု လုပ်ပုံလုပ်နည်း ကွဲကြတယ်။ အကဲဖြတ် အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ရှန်ဟိုင်းယောင်တုန်း (Shanghai Jiao Tong) ရဲ့ ကမ္ဘာ့တက္ကသိုလ် အကဲဖြတ်စာရင်း Academic Ranking of World Universities (ARWU) မှာက တက္ကသိုလ်တွေကို စီတဲ့အခါမှာ နိုဘယ်လ်ဆုရှင်၊ အေဘယ်လ်ဆုရှင်၊ ဖီးလ် ဆုတံဆိပ်ရှင်တွေ ဒီကျောင်းက ဘယ်လောက်ထွက်တယ်၊ ဆရာထဲမှာ အဲလိုလူတွေ ရှိတယ်ဆိုတာနဲ့ တိုင်းပါတယ်။ ဂျာနယ်ဆိုရင်လည်း အရမ်းပါဖို့ခက်တဲ့ Nature, Science, Cell, Neuron တို့ကိုပဲ လူရာသွင်းတော့ ရှေးဟောင်းတက္ကသိုလ် တွေက ပိုပြီးနေရာရပါတယ်။ အင်္ဂလန်က ဆန်းဒေးတိုင်းမ်ရဲ့ အဆင့်မြင့်ပညာရေး အချပ်ပို Ranking (Time Higher Education Supplementary - THES) ကတော့ Nobel/Abel/Medals တွေအစား အရမ်းကို အညွှန်းခံရတဲ့ သုတေသန ပညာရှင် ပါမောက္ခတွေ (Highly Cited Researchers) တွေ၊ ကျောင်းရဲ့ အရှိန်အဝါ၊ ကျောင်းသားတွေ အလုပ်ရမရ၊ အလုပ်ရှင်တွေရဲ့အမြင်၊ တခြားကျောင်းက ဆရာတွေ၊ နိုင်ငံတကာက ပါမောက္ခတွေရဲ့ ကျောင်းနဲ့ သူ့ဆရာမတွေရဲ့ အမြင်တွေကိုပါ ထည့်စဉ်းစားပြီး ဘယ်ကျောင်းက ဘယ် ကျောင်းရဲ့အထက်မှာ ရှိမဟဲ့ ဆိုပြီး စီပါတယ်။ တချို့ကျတော့လည်း ကျောင်းကပြီးတဲ့ ထဲမှာ အောင်မြင်တဲ့လူ ဘယ်လောက်ရှိလဲ၊ ဘယ်နှစ်ယောက်က နိုင်ငံစုံ ကော်ပိုရေးရှင်း ကြီးတွေ အဖွဲ့အစည်းတွေကို အုပ်ချုပ်တဲ့သူ၊ ဦးဆောင်တဲ့သူ၊ တည်ထောင်တဲ့သူ ဘယ်လောက်ရှိလဲ စစ်ဗိုလ်ချုပ်၊ ရဲချုပ်၊ အမတ် (အထက်လွှတ်တော်)၊ ပါမောက္ခ၊ နိုင်ငံသိ၊ ကမ္ဘာကျော် အနုပညာရှင်၊ စာနယ်ဇင်းသမား ဘယ်လောက်ထွက်လဲ သူ့ဆရာတွေ က အပြင်ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ကြေးကြီးကြီးယူပြီး အကြံဉာဏ်ပေးနိုင်တဲ့ လူ၊ လုပ်ငန်းရှင်တွေက ဆရာတင်ရတဲ့ လူတွေ ဆရာထဲမှာ ရှိတာတွေလည်း Ranking မှာ ပါပါတယ်။ နိုင်ငံခြားက လာတက်တဲ့လူတွေလည်း ထည့်ပြီး အမှတ်ပေးကြတယ်။

အဲဒီတော့ ကျောင်းတစ်ခုက ဒီစာရင်းမှာတော့ အဆင့်မြင့်ပြီး နောက်တစ်ခုမှာက နိမ့်နေနိုင်တယ်။ နည်းနည်းသိတဲ့ လူတွေက ဒီကျောင်းက ဟိုဟာကြောင့် ဒီမှာ အမှတ်တက်သွားတာ၊ ဒါပေမဲ့ဘယ်လိုမှ ဟိုကျောင်းထက် ပိုမသာနိုင်ဘူးလို့ ဟားကြတယ်။ နိုဘယ်လ်ဆုရတာနဲ့ တွက်မယ်ဆိုရင် သူက ဒီကကျောင်းပြီးသွားတာ ဟုတ်ပေမယ့် သူ ဆုရတဲ့အဆင့်ရှိအောင် လုပ်ခဲ့တာ ဟိုကျောင်းလေ ဆိုပြီး ထောက်ပြကြပါတယ်။ နိုင်ငံခြားသားကျောင်းသား ဆိုရင်လည်း ဈေးပေါလို့၊ ဝင်ရလွယ်လို့၊ ဘွဲ့ရဖို့ချောင်လို့၊ ပညာတော်သင် အလကားရလို့ လာတက်ကြတာ ရှိသလို တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးမို့လို့ လာတက်ကြတဲ့ နိုင်ငံခြားသားချင်း အတူတူလို့ ပြောလို့မရဘူးလေ။ ဘာပြောပြော တက္ကသိုလ်ကျောင်းတွေကို အမှတ်ပေး၊ အကဲဖြတ်၊ အဆင့်ခွဲစီပြီး လူသိအောင် ကြော်ငြာတာ ကောင်းတဲ့ရလဒ်တွေ ရစေတယ်။ အနည်းဆုံးတော့ လူတွေ အဆင့်မြင့် ပညာရေးကို ပိုပြီး စိတ်ဝင်စားလာတာပေါ့။

ဒီဇယားတွေကြည့်ပြီး ၁၉ နှစ်သားက တက္ကသိုလ်ရွေးနိုင်သလို မန်နေဂျာ ပေါက်စကလည်း ဘယ်စီးပွားရေးကျောင်း၊ စီမံခန့်ခွဲရေးကျောင်း သွားပြီး အမ်ဘီအေ (MBA) ယူရမလဲ တွက်လို့ရတယ်။ ဦးဆောင်တဲ့လူတွေ၊ ပေါ်လစီချတဲ့လူတွေ ကလည်း သူတို့လုပ်တာ မှားသွားလား၊ မှန်ခဲ့လား ဆိုတာ ဒီဇယားမှာ သူ့ကျောင်း၊ သူ့နိုင်ငံက ကျောင်းတွေတက်လာလား၊ ထိုးဆင်းသွားလား ဆိုတာကို ကြည့်ပြီး မှန်းနိုင်သလို စီးပွားရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုဘုတ်အဖွဲ့လို ဟာက လူတွေလည်း ဒီဇယားကို သုံးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာအောင် လုပ်လို့ရနိုင်တယ်။ ဥပမာ - ရန်ကုန် စက်မှုတက္ကသိုလ်က ကမ္ဘာမှာ အဆင့် ၄၉၉ မှာ ချိတ်ရင် ကမ္ဘာမှာရှိတဲ့ တက္ကသိုလ်ပေါင်း ငါးသောင်းမှာ ပါတယ်လို့ ပြောနိုင်ပါတယ်။ ပတ္တမြားဆောင်က အမ်ဘီအေဟာ ကမ္ဘာပေါ်မှာ အဆင့် ၃၉၉ မှာစွဲရင် ရှိသမျှ အမ်ဘီအေ ကျောင်းတွေထဲမှာ အပေါ်ဆုံး ၁ ရာခိုင်နှုန်း မှာပါတယ်လို့ ကြေညာလို့ ရပါတယ်။ လူဦးရေ သန်း ၆၀၀၀-၇၀၀၀ ရှိတဲ့ ကမ္ဘာပေါ်မှာ တက္ကသိုလ်တွေ သီးခြားရပ်တည်တဲ့ စီးပွားရေးကျောင်းတွေ သောင်းပေါင်းများစွာ ရှိတာမို့ ထိပ်ပိုင်း ၅၀၀ မှာဝင်ဖို့ တောင် တော်တော်လုပ်ရမှာပါ။ တစ်ချိန်မှာတော့ မြန်မာတက္ကသိုလ်တွေ ထိပ်ပိုင်း ၃၀၀ ကို မမှန်းနိုင်သေးရင်တောင် ထိပ်ပိုင်း ၅၀၀ မှာဝင်ဖို့ စိတ်ကူးယဉ်သင့်ပါပြီ။

ဒီဇယားတွေရဲ့ အဆင့်မြင့်မြင့်မှာ ပါဖို့က ကျောင်းတွေအဖို့ အရေးကြီးသလို ကိုယ့်ကို သူများနဲ့ယှဉ်ပြီး ဘယ်သူထက်တော့ သာတယ်။ ဘယ်သူ့လောက်တော့ မမီသေးဘူး ဆိုတာ ကိုယ့်ဘာသာတောင် မှန်းရခက်ပါတယ်။ ဥပမာ ရန်ကုန်နည်းပညာ တက္ကသိုလ်ကို စင်ကာပူက နန့်ယန်းနဲ့ ယှဉ်ရင်တောင် မတူတာတွေ ရှိပါတယ်။ ရန်ကုန်ကျောင်းက အင်ဂျင်နီယာနဲ့ ဗိသုကာဘွဲ့ပဲ ပေးပြီး နန့်ယန်းကျောင်းက စာရင်းကိုင်ဆရာဖြစ်သင် ကျောင်းလက်မှတ်၊ အမ်ဘီအေ၊ ကွန်ပျူတာပညာအပြင် အခု ဆေးကျောင်းပါ ဖွင့်လာပါပြီ။ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး။ လန်ဒန်က ကျောင်းတွေတောင် တစ်ခုနဲ့တစ်ခု ယှဉ်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။

နည်းပညာနဲ့ ဆေးကျောင်းကောင်းတဲ့ Imperial College နဲ့ အရှေ့တိုင်းကျောင်း SOAS (ဒေါက်တာသန်းထွန်း သုတေသန လုပ်ခဲ့တဲ့ကျောင်း) ကို ယှဉ်ရင် ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းနဲ့ စိတ်ပညာဌာနတွေကို ယှဉ်ရသလို ဖြစ်မှာပါ။ အလုပ်တစ်ဖက်နဲ့ တက်ကြတဲ့ ဗစ်ဗက်ကောလိပ် (နိုဘယ်လ်ဆု ရတဲ့လူတွေ သုတေသနလုပ်တဲ့ ညကျောင်း) နဲ့ နေ့ကျောင်းသားများတဲ့ ယူနီဗာစတီကောလိပ် လန်ဒန်ဟာ လန်ဒန်တက္ကသိုလ် အောက်ကချင်း တူပေမယ့် ယှဉ်ဖို့ခက်ပါတယ်။

ပိုရှုပ်တာက တချို့ကျောင်းတွေက ကျောင်းဝင်းမရှိပါဘူး။ ဥပမာ - အောက်စဖို့ဒ် (Oxford)၊ ကိန်းဗရစ် (Cambridge)၊ ဒါဟမ်း (Durham) တို့က မြို့နဲ့ကျောင်းနဲ့ တွဲနေတဲ့ တက္ကသိုလ်မြို့လေးတွေမှာ ရှိပြီး Campus မရှိပါဘူး။ ကျောင်းသစ်တွေဖြစ်တဲ့ ဝေါရစ် (Warwick) တို့ကျတော့ မြန်မာနိုင်ငံက၊ စင်ကာပူက၊ အမေရိကက ကျောင်းတွေလို ကျောင်းပရဝုဏ် (Campus) ရှိပြီး သူတို့တွေကို ယှဉ်ရခက်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်မှာ ကောလိပ်သုံးဆယ်ရယ် လူနေဆောင် ခုနစ်ခုရှိပြီး တချို့ကောလိပ်တွေက ဝင်ဖို့ ပိုခက်ပါတယ်။ အကြမ်းဖျင်း ပြောရရင် အောက်စဖို့ဒ်က လူမှုသိပ္ပံနဲ့ ဆေးပညာ၊ ကိန်းဘရစ်က သဘာဝသိပ္ပံနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေ ကောင်းတယ်ပြောရင် ရပေမယ့် တချို့ဘာသာရပ် တွေမှာ အောက်စဖို့ဒ်နဲ့ ကိန်းဘရစ်လောက် ဂုဏ်ရှိန် ဂုဏ်ဝါ မကျော်စောသေးတဲ့ ကျောင်းတွေက ပိုမသာရင်တောင် တန်းတူရည်တူ ဖြစ်နေနိုင်ပါတယ်။

သင်္ချာမှာဆိုရင် အောက်စဖို့ဒ်ထက် ကိန်းဘရစ် (Cambridge) နဲ့ ဝေါရစ် (Warwick) တို့က ပိုပြီးကောင်းတယ်လို့ သိတဲ့လူတွေက လက်ခံကြပါတယ်။ ဘောဂဗေဒမှာ ဆိုရင် သွားလေသူ အမေရိကန်သမ္မတဟောင်း ကနေဒီ (John F. Kennedy) လာတက်ခဲ့တဲ့ လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေး သိပ္ပံကျောင်း (London School of Economics and Political Science) က အောက်စ်ဘရစ် (Oxbridge) လို ကောင်းပါတယ်။ စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ ကျတော့ ဝေါရစ်က မဆိုးလှဘူးလို့ ဘိလပ်သားတွေက မြင်ကြပါတယ်။ ဘိလပ်မှာက စီးပွားရေးကျောင်း (School of Economics), စီးပွားရေး စီမံခန့်ခွဲမှုကျောင်း (Business Schools) နဲ့ အုပ်ချုပ်မှု ပညာရပ်ကျောင်း (Management School) ဆိုပြီး ခွဲခြား သတ်မှတ်ကြပါတယ်။

ဒါကြောင့် ကိုယ်တို့အနေနဲ့ ကိုယ့်ကျောင်းတွေကို ယှဉ်တိုင်းပြီး တန်းရဲ့ ခွဲဇယား ထိုးရင် စဉ်းစားစရာတွေက ဘာတွေကို ကြည့်ပြီး ခွဲခြားမယ်။ ဘယ်ကျောင်းနဲ့ ဘယ်ကျောင်းကို ယှဉ်ကြည့်လို့ ရတယ် ဆိုတာတွေ ပြိုင်စဉ်းစားရပါမယ်။ ပန်းသီးနဲ့ ပန်းသီးယှဉ်ရမှာဖြစ်သလို အရည်ရွှမ်းတာ ကြိုက်လား၊ ချဉ်တာ ပိုကျန်းမာစေလား၊ ကျွတ်ကျွတ်လေးကြိုက်တာလား တွေနဲ့ ဘယ်ပန်းသီးက ပိုကောင်းတယ် ပြောရမှာ ဖြစ်ပါတယ်။ မင်းကွတ်သီးနဲ့ ပန်းသီး ဘယ်ဟာ ပိုကောင်းတယ် ပြောရခက်သလိုပေါ့။

(ဆက်လက်ဖော်ပြပါမည်။)

အောင်ကျော်စိုး
(စာရေးသူသည် ယခုအခါ သြစတြေးလျ နိုင်ငံတွင် သိပ္ပံဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့ အတွက် ပညာဆည်းပူးလျက်ရှိပြီး နိုင်ငံတကာ ပညာရေးစနစ်များနှင့် ပတ်သက်၍ သုတေသန ပြုလျက်ရှိသည်မှာ ဆယ်နှစ်နီးပါးခန့် ရှိပြီဖြစ်သည်။ မြန်မာ့ပညာရေးနှင့် ပတ်သက်၍ လိုအပ်ချက်များစွာ ရှိနေရာတွင် နိုင်ငံတကာတွင် လုပ်ဆောင်လေ့ ရှိသော နည်းစနစ်နှင့် အံဝင်ရေးအတွက် မြန်မာ့ပညာရေး တွင်လည်း တက္ကသိုလ် များတွင် လုပ်ဆောင်နိုင်သည်များ ရေးသားထားသည် များကို ဖော်ပြလိုက်ပါသည်။)
The Voice Weekly