အကျဉ်းကျရာမှ စွန့်ပစ်ပစ္စည်းများဖြင့် ပန်းချီကားများ ဖန်တီးတတ်လာသူ

ပို့စ်တင်ချိန် - 7/08/2013 11:37:00 AM


နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်သုံးခု တွင် ၁၂ နှစ်ကျော် နေထိုင်ခဲ့ရသူ၊ အကျဉ်းကျခံနေရသော စိတ်ခံစားမှု ပြေပျောက်စေရန်အတွက် ထောင်ထဲတွင် တစ်ဆင့်ခံ သင်ယူခဲ့ရသော ပန်းချီပညာဖြင့် စွန့်ပစ်ထားသော ကော်ဖီမစ် အိတ်ခွံများကို သုံး၍ ပန်းချီကားများ ဖန်တီးခဲ့သူ၊ ထောင်မှလွတ်လာသော အခါတွင်လည်း ထောင်ထဲတွင် ရေးဆွဲခဲ့သော ပန်းချီကားများကို ပြပွဲတွင် နှစ်ကြိမ် ပြသခဲ့သူ၊ Recycle Art Gallery တစ်ခု ဖြစ်ပေါ်လာအောင် ကြိုးစားရန် ရည်ရွယ်ထားပြီး စွန့်ပစ်ပစ္စည်းများဖြင့် ပန်းချီကားများ ဆက်လက် ရေးဆွဲနေသူ၊ ထိုသူမှာ ကိုစန်းဇော်ထွေး ဖြစ်သည်။

ဇာတိမှ ရန်ကုန်သို့
သူ့ကိုမွေးဖွားခဲ့တာက ရေးမြို့။ မွေးချင်းမောင်နှမ ခြောက်ယောက်တွင် သူထားဝယ်မြို့သို့ ပြောင်းရွှေ့ကာ နေထိုင်ခဲ့ရသည်။ ဖခင်ဖြစ်သူက ခဲမဖြူ၊ သင်္ဘောတွင် အလုပ်လုပ်သူ။ သူငယ်တန်းမှ လေးတန်းအထိ ထားဝယ်မြို့တွင်သာ ပညာသင်ကြားခဲ့ရပြီး ငယ်စဉ်ကတည်းကပင် ကလေးငယ်များကို ပဲ့ပြင်ပျိုးထောင် ပေးနိုင်သည့် ကျောင်းဆရာတစ်ယောက် ဖြစ်ချင်ကြောင်းသူက ပြောပြသည်။

“အဲဒီအချိန်က ကျွန်တော်တို့နေတဲ့ မိကျောင်းအိုင်ရွာမှာက မအေးချမ်းဘူး။ ဗမာစစ်တပ်၊ ကရင်နဲ့ မွန် လက်နက်ကိုင်တပ်တွေက ရပ်ရွာလူထုကို ကောင်းကျိုးပြုသလို ဆိုးကျိုးလည်း ပေးကြတယ်။ အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ယောက်ျားလေးတွေဆို ရွာမှာမနေဘဲ ယိုးဒယားဘက်သွားပြီး အလုပ်လုပ်ကြ တယ်။ ရွာမှာနေရင် ပေါ်တာဆွဲခံရတယ်။ နယ်မြေက မအေးချမ်းတော့ မိန်းကလေးတွေဖြစ်တဲ့ အစ်မတွေကို မိဘတွေက စိတ်မချတဲ့အတွက် ရန်ကုန်ပို့လိုက်တာ”
ဟု ဒေသတွင် လုံခြုံမှုမရှိသည့် အကြောင်းကို သူကပြောပြသည်။

စက်ချုပ်ပညာ သွားရောက်သင်ယူနေသော အစ်မအကြီးဆုံး ဖြစ်သူက ရန်ကုန်မြို့တွင် အိမ်ထောင် ကျသွားသည့် အတွက်ရော နယ်မြေဒေသ မအေးချမ်းတော့သည့် အတွက်ပါ သူလေးတန်း အောင်သောအခါ ရွာရှိ ပိုင်ဆိုင်သမျှ ပစ္စည်းများကို ရောင်းချပြီး ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

ငွေစက္ကူ ပြဿနာ
ရန်ကုန်သို့ ရောက်သောအခါတွင် သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က (၃) ၌ ပဉ္စမတန်း တက်ရောက်ခဲ့သည်။ ၈၈ အရေးအခင်းကာလ မတိုင်ခင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ကျောင်းမှာလည်း ပိတ်လိုက် ဖွင့်လိုက် ဖြစ်ခဲ့သည်။

သူခြောက်တန်းနှစ်အရောက် ငွေစက္ကူများကို တရားမဝင်ကြောင်း ကြေညာပြီး ပြည်သူပိုင် သိမ်းခဲ့ရာ ယင်းဖြစ်ရပ်သည် မိသားစု၏ ဘဝရပ်တည်မှုအပေါ် ရိုက်ခတ်ခဲ့သည်။ ရွာရှိ ပိုင်ဆိုင်သမျှကို ရောင်းချခဲ့ရာမှ ရရှိလာသော ငွေစက္ကူများမှာသုံး၍ မရတော့သောကြောင့် သူတို့မိသားစု အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ မိသားစု စားဝတ်နေရေးအတွက် မိဘများက ထမင်းကြော် ထွက်ရောင်းခဲ့ရသလို အစ်မများက စက်ချုပ်ခဲ့ရပြီး သူကိုယ်တိုင်မှာလည်း ထိုးမုန့် ရောင်းခြင်း၊ လမ်းဘေးတွင် ပုဆိုးရောင်းခြင်းတို့ကို လုပ်ကိုင်ခဲ့ရသည်ဟု ဆိုသည်။

မြန်မာ့နိုင်ငံရေး၏ သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်သည့် ၈၈ အရေးအခင်းသည် သူခုနစ်တန်းနှစ်တွင် ဖြစ်ပွားခဲ့သည်။ ယင်းကာလတွင် တခြားသူများက ဂိုဒေါင်များဖောက်ပြီး ယူထားသော ဆပ်ပြာများကို ဝယ်ယူပြီး ဈေးတွင် ပြန်လည်ရောင်းချသော အလုပ်ကို လုပ်ကိုင်ကာ မိသားစု စားဝတ်နေရေးအတွက် သူတတ်နိုင်သည့်ဘက်မှ ပံ့ပိုးပေးခဲ့သည်။

၉၆ ခုနှစ် ဒီဇင်ဘာ
၈၈ အရေးအခင်းကာလ ပြီးဆုံးပြီးနောက် ကျောင်းများ ပြန်ဖွင့်သောအခါ သူပညာဆက်လက်သင် ကြားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ဗိုလ်တထောင် တက္ကသိုလ်တွင် သူတက်ရောက်ခဲ့သည်။ တက္ကသိုလ် တက်ရောက်ပြီး နှစ်လအကြာ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းသားများနှင့် ယာဉ်ထိန်းရဲများ ခိုက်ရန် ဖြစ်ပွားရာမှ စတင်ပြီး အရေးအခင်းတစ်ခု ဖြစ်ပွားခဲ့သည်။ ခိုက်ရန် ဖြစ်ပွားရာတွင် ယာဉ်ထိန်းရဲများကို အရေးမယူဘဲ ကျောင်းသားများကိုသာ အရေးယူလိုက်သည့်အတွက် ကျောင်းသားထု တစ်ရပ်လုံးက မကျေမနပ် ဖြစ်ခဲ့ကြပြီး ဖမ်းဆီးခံ ကျောင်းသားများ စေလွှတ်ပေးရန်နှင့် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ပေး ရန်တို့ကို တောင်းဆိုခဲ့ကြသည်။

အဆိုပါ အရေးအခင်းကြောင့် တက္ကသိုလ်များကို ပိတ်ခဲ့ပြီး ၂ နှစ်အကြာ ၁၉၉၈ ခုနှစ် သြဂုတ်လတွင် ကျောင်းသားများထံသို့ မိမိတို့ နေထိုင်ရာမြို့နယ် အသီးသီးတွင် စာမေးပွဲ ဖြေဆိုရမည် ဖြစ်ကြောင်း အကြောင်းကြားခဲ့ကာ စာမေးပွဲရက်များကို ထုတ်ပြန်ခဲ့သည်။ ထိုကာလတွင် NLD မှနေ၍ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အတည်ပြုပြီး သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော် ခေါ်ပေးရန် အစိုးရသို့ တောင်းဆိုခဲ့သော်လည်း လွှတ်တော် ခေါ်မပေးခဲ့ပေ။ NLD ၏ လွှတ်တော် ခေါ်ပေးရန် တောင်းဆိုမှုကို ရဟန်းရှင်လူ ပြည်သူများနှင့် ကျောင်းသားထု တစ်ရပ်လုံးက ထောက်ခံကြောင်း ပြသည့်အနေဖြင့် စာမေးပွဲ နောက်ဆုံးနေ့၊ သြဂုတ်လ ၂၄ ရက်နေ့တွင် လှည်းတန်း၌ ဆန္ဒပြကြသောအခါ သူပါဝင်ခဲ့သည်။ ယင်းနေ့ညတွင်းချင်းပင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အဓိက ခေါင်းဆောင်များကို စတင်ဖမ်းဆီးခဲ့ရာ သူနှင့်အတူပါဝင်ခဲ့သော သူငယ်ချင်းအများစု အဖမ်းခံရသော်လည်း သူလွတ်မြောက်ခဲ့သည်။

ထိုအချိန်မှစ၍ အာဏာပိုင်များက သူနေထိုင်ရာ လမ်းထိပ်တွင် စောင့်ကြည့်ခြင်း၊ နေအိမ်သို့ အမြဲတစေ လာရောက် မေးမြန်းနေခြင်းတို့ကြောင့် အိမ်တွင်နေလို့ မရတော့ဘဲ သူငယ်ချင်းများအိမ်တွင် လှည့်ပတ် အိပ်နေခဲ့ရသည်။ နောက်ဆုံးတွင် သူရန်ကုန်၌ နေလို့မရတော့ဘဲ နယ်သို့ ထွက်ခွာသွားခဲ့ရသည်။ သူလာရောက် ရှောင်တိမ်းနေသည်ကို အခြားသူများ သံသယ မဖြစ်စေရန်အတွက် ရန်ကုန်မှ ငါးခြောက်များကို ဝယ်ယူပြီး ထိုဒေသရှိဈေးတွင် ရောင်းချခဲ့သည်။

သတင်းပေးကြောင့် အဖမ်းခံရ
၁၉၉၉ ခုနှစ်အတွင်း ၉ ဂဏန်းလေးလုံး ဆုံသောနေ့တွင် ၈၈ အရေးအခင်းကဲ့သို့ လူထုလှုပ်ရှားမှုတစ်ခု ဖြစ်လာအောင် ပဲခူးရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ကြံရွယ်ကြိုးပမ်းကြသည်ဟု သူကဆိုသည်။ ၁၉၉၈ ခုနှစ် ဆန္ဒပြလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးသမား တော်တော်များများ အဖမ်းခံခဲ့ရသည့်အတွက် (၉) လေးလုံး အရေးအခင်းသည် အားကောင်းသော လူထုလှုပ်ရှားမှုတစ်ခု မဖြစ်နိုင်ဟု ယူဆသည့်အတွက် သူမပါဝင်ခဲ့ပေ။ အစိုးရဘက်ကလည်း (၉) လေးလုံး အရေးအခင်းကို ၈၈ ခုနှစ် အရေးအခင်းကဲ့သို့ ဖြစ်မည်စိုးသည့်အတွက် ကြိုတင်ကာကွယ်သည့် အနေနှင့် ယခင်လွှတ်ထားသော ကျောင်းသားများကို လိုက်လံဖမ်းဆီးခြင်း၊ လက်ကျန် ကျောင်းသားများကိုလည်း ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု သူကပြောပြသည်။

သူ့ကိုလည်း အရေးအခင်း ဖြစ်ပေါ်စေရန် ကြံရွယ်ထားသည့် ၉ လေးလုံး ဆုံသောနေ့တွင် အာဏာပိုင် များက ဖမ်းဆီးရန် အိမ်သို့ရောက်လာခဲ့သည်။ အိမ်အောက်ထပ်တွင် အာဏာပိုင်များက ၉၈ ခုနှစ် ဆန္ဒ ပြပွဲတွင် သုံးစွဲခဲ့သော သူ၏နာမည်ကို မေးမြန်းသံ ကြားသောအခါ အိမ်နောက်ဘက်မှ ဆင်းပြေးခဲ့သည့်အတွက် သူလွတ်မြောက်ခဲ့သည်။

အိမ်မှ ရုတ်တရက် ထွက်ပြေးလာသောကြောင့် သုံးစရာပိုက်ဆံ ပါမလာသည့်အတွက် သူငယ်ချင်း တစ်ယောက်ထံတွင် ကွန်ပျူတာ E word ဖောက်သည့် စက်ဝယ်ရန် အပ်နှံထားသော ငွေသုံးသောင်းကို ပြန်ယူရန်အတွက် သွားရောက်ခဲ့သည်။ အာဏာပိုင်က လိုက်လံဖမ်းဆီးနေသည့် အကြောင်းကိုလည်း ထိုသူငယ်ချင်းကို သူပြောပြခဲ့သည်။

“သူက Informer ဖြစ်နေတယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။ သူနဲ့သိခဲ့တာကလည်း ကြားလူတစ်ယောက်က ဆက်သွယ်ပေးလို့ သိခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား မိုက်ကယ်အဲရစ်ဆုံးတော့ ဒေါ်စုက ကဗျာတွေ ဘာတွေရေးတယ်။ အဲဒီကဗျာတွေကိုသူက စာတွေ ဘာတွေ ရိုက်ပေးဖူးတော့ စိတ်ချရတယ်ဆိုပြီး ဆက်သွယ်ခဲ့တာပေါ့။ သူချိန်းတဲ့ နေရာကို ပိုက်ဆံသွား ယူတဲ့အချိန်မှာ အဖမ်းခံခဲ့ရတာပါ”
ဟု သူကပြောပြသည်။

ကြာသပတေးသားမို့ စိတ်ကြီးတယ်
သူ့ကိုဖမ်းဆီးခဲ့သော အချိန်တွင် ဖျားနေသည့်အတွက် အာဏာပိုင်များက ကိုယ်ထိလက်ရောက် ရိုက်နှက် စစ်မေးခြင်းမျိုး မပြုလုပ်ခဲ့ဘဲ ထိုင်ခုံတစ်ခုံတွင် လက်ထိပ်တစ်ဖက်ပဲ ခတ်ထားခဲ့သည်။ ထိုစဉ် အာဏာပိုင်များပြောသော စကားတစ်ခွန်းကို ကြားလိုက်သောကြောင့် သူစိုးရိမ်စိတ် ဝင်လာခဲ့သည်။ “သူတို့ပြောတာက ဒီကောင်တွေကို နှစ်နည်းနည်း ချလိုက်ရင် ပြန်ဖမ်းနေရတာပဲ။ နှစ်ကြီးကြီး ချလိုက်မှ အေးမယ်ဆိုတဲ့ စကားကို ကြားလိုက်တော့ လူကစိုးရိမ်လာတယ်။ စာရွက်တစ်ရွက်ကို မိရင်တောင် သူတို့က ၂၈ နှစ်လောက် ဖြစ်အောင်လုပ်လို့ရတာဆိုတော့ ငါ့ဘဝကို ထောင်ထဲမှာ ၂၈ နှစ်တောင် အကုန်မခံနိုင်ဘူးဆိုပြီး လက်ထိပ်ခတ်တဲ့ခုံကို ကိုက်ဖြတ်ပြီး ပြေးမယ်လုပ်တာ။ ပြတ်ဖို့ လက်သုံးလုံးလောက် လိုတော့တဲ့ အချိန်မှာမိသွားတယ်။ သူတို့ကဘာလို့ ကိုက်တာလဲ မေးတော့ ကျွန်တော်က ကြာသပတေးသားမို့ ငယ်ငယ်တည်းက စိတ်လှုပ်ရှားရင် ပေတံတွေ၊ ခဲတံတွေ ကိုက်လေ့ရှိတယ်။ အခုအဖမ်းခံရတဲ့ အချိန်မှာ စိတ်လှုပ်ရှားနေလို့ စိတ်ငြိမ်အောင် ဒီခုံကို ကိုက်လိုက်တာလို့ ပြောလိုက်တယ်။ သူတို့က အေးစိတ်ငြိမ်အောင် ကိုက်စရာကြီးကြီး ပေးမယ်ဆိုပြီး ထိပ်တုံးကြီးနဲ့ ခတ်ထားလိုက်တယ်” ဟု သူကပြောပြသည်။

နောက်တစ်နေ့ မနက်တွင် ထောက်လှမ်းရေး ၂၆ မှ အောင်သပြေ စစ်ကြောရေးစခန်းသို့ သူ့ကို ပို့ဆောင်ခဲ့သည်။ အာဏာပိုင်များက သူ့ကိုရေလုံးဝ မတိုက်တော့သလို ထမင်းလည်း လုံးဝမကျွေးတော့ဘဲ တစ်ချိန်လုံး မတ်တတ်ရပ်ခိုင်းခဲ့သည်။ စိတ်ချောက်ချားအောင်၊ စိတ်ထိခိုက် နာကျင်စေမည့် စကားများ လာရောက်ပြောဆိုခြင်း၊ တံခါးကို တဂျိမ်းဂျိမ်းလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု သူကပြောပြသည်။

ထိုမှတစ်ဆင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော သူအပါအဝင် အမှုတွဲ ကိုးယောက်ကို အမိန့်ချမှတ်ခဲ့ရာ သူထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ရသည်။ အင်းစိန် သီးသန့်ထောင်တွင် သူ နှစ်လကြာ နေထိုင်ခဲ့ရသည်။ ကိုယ့်ရဲဘော်ရဲဘက်များနှင့်အတူ ပြစ်ဒဏ် ကျခံခဲ့ရသည့်အတွက် ထိုကာလများတွင် စိတ်ထဲမှာ သိပ်မခံစားရဘဲ နောက်နောက်ပြောင်ပြောင် နေခဲ့ကြသည်ဟု သူကပြောပြသည်။ ထိုစဉ်က အင်းစိန် သီးသန့်ထောင်တွင် သူနှင့်အတူ ပြစ်ဒဏ်ခံနေရသော ကဗျာဆရာ အောင်ပွင့်နှင့် ငြိမ်းသစ်တို့က အကျဉ်းကျခံ နေရသည့် စိတ်ဖိစီးမှု သက်သာအောင် သူတို့ကိုယ်တိုင်ရေး ကဗျာများကို ရွတ်ဆိုပြသလို အခြားသူများက ကဗျာရွတ်ချင်စိတ် ပေါက်လာအောင်၊ ကဗျာရေးလာအောင် အားပေးလှုံ့ဆော်ခဲ့သည့်အတွက် အပြင်မှာ နေထိုင်စဉ်ကတည်းက ကဗျာဝါသနာပါသောသူက ကဗျာများရေးရင်း ထိုကာလများကို ဖြတ်သန်းခဲ့သည်။

တောင်ငူထောင်မှာ
အင်းစိန်ထောင်မှနေ၍ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တောင်ငူထောင်သို့ ပြောင်းခဲ့ရသည်။ နှစ်အကြီးဆုံး ၁၄ နှစ်မှသည် ရှစ်နှစ်၊ ငါးနှစ်စသည်ဖြင့် တောင်ငူထောင်တွင် ကာလရှည် နေထိုင်နေကြသူများကို တွေ့လာရသောအခါ သူကိုယ်တိုင်လည်း လွယ်လွယ်နှင့် မလွတ်နိုင်သည်ကို တွေးမိလာပြီး သူကျခံရ ည့် ၃၆ နှစ်ဆိုသော ပြစ်ဒဏ်က သူ့ရဲ့စိတ်ကို Depression ရလာစေခဲ့သည်ဟု သူကပြောပြသည်။ နှစ်ကာလ အကြာကြီး ထောင်ထဲတွင် ဘယ်လိုနေထိုင်ရမည်ကို တွေးတောကြံဆရင်း သူတရားထိုင် ဖြစ်ခဲ့သည်။ ထောင်ထဲသို့ ရှားရှားပါးပါး ရောက်ရှိလာသော စာအုပ်များကို အပြန်ပြန်အလှန်လှန် ဖတ်သလို ကဗျာတွေ ရေးရင်းလည်း အချိန်တွေကို ကုန်ဆုံးစေခဲ့သည်။

ထိုစဉ်က တောင်ငူထောင်တိုက် (၂) တွင် ပြစ်ဒဏ်ကျခံနေသော ပန်းချီဆရာ ထွန်းဝင်းငြိမ်းက သူနေထိုင်ရာ တိုက် (၄) ရှိ နေဦးမောင်မောင်ဆိုသော ကလေးကို အခြေခံ ပန်းချီပညာ သင်ကြားပေးခဲ့သည်။ သူကနေဦးမောင်မောင် ထံမှတစ်ဆင့် ပန်းချီဆရာ ထွန်းဝင်းငြိမ်း သင်ကြားပေးခဲ့သော စာအုပ်ကို ပြန်ယူ ကြည့်ပြီး ပန်းချီအခြေခံ သဘောတရားများကို လေ့လာ ခဲ့သည်။ ပန်းချီ အခြေခံပညာကို တတ်မြောက်လာသောအခါ ပန်းချီဆွဲချင်စိတ် ဖြစ်ပေါ်လာသော်လည်း ထောင်ထဲတွင် စက္ကူရရန် ခက်ခဲခဲ့သည်ဟု သူကပြောပြသည်။

တောင်ငူထောင်တွင် ထောင်ပိုင် အပြောင်းအလဲ ဖြစ်ပေါ်လာပြီးနောက် ယခင်ကကဲ့သို့ ထောင်ဝင်စာ လာတွေ့သော မိသားစုဝင်များနှင့် လွတ်လပ်စွာ တွေ့ခွင့်မရတော့သလို အစားအသောက်မှာလည်း ညံ့ဖျင်းလာခဲ့သည်။ အနေအထိုင် ကျပ်တည်းလာ၍ လူတိုင်းမှာ စိတ်မွန်းကျပ်လာပြီး ရန်ပွဲများ ဖြစ်လာကြသည်။ ထို့အတွက် အာဏာပိုင်များက တိုက်လေးတိုက်စလုံးကို တိုက်ပိတ်လိုက်သည်။ တောင်ငူထောင်တွင် တိုက်သုံးတိုက်မှာ နေ့အခါ နေရောင် သိပ်မခံရသော်လည်း သူနေထိုင်ရာ တိုက်လေးမှာ တစ်နေ့လုံး နေရောင်ထိုးနေသည့်အတွက် တိုက်ပိတ်ခံရသူများမှာ ကျန်းမာရေး ချို့ယွင်းလာပြီး သတိမေ့လဲကျခြင်းတို့ ဖြစ်ပေါ်လာသည့်အတွက် အာဏာပိုင်များကို တိုက်ပြန်ဖွင့်ပေးရန်၊ မဖွင့်ပေးနိုင်ပါက အရိပ်ရအောင် လုပ်ပေးရန် တိုက်ဝင်းကို ချဲ့ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။

ထောင်တာဝန်ရှိသူများ ဘက်က အရေးယူ ဆောင်ရွက်ပေးမှု မရှိသည့်အတွက် သူတို့အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ သုံးရက်မြောက်နေ့တွင် တာဝန်ရှိသူများက ဆန္ဒပြမှု ရပ်ဆိုင်းရန် လာရောက် ပြောဆိုခဲ့ကြသော်လည်း ဆန္ဒပြမှု မရပ်သည့်အတွက် လေးရက်မြောက်နေ့တွင် သူတို့ကို ရေဖြတ်လိုက်သည်။ ဆန္ဒပြမှု ငါးရက်မြောက်နေ့တွင် တာဝန်ရှိသူများ ရောက်လာပြီး ညတွင်းချင်းပင် တိုက်ဝင်းကို တိုးချဲ့ပေးမည်ဟု ပြောကြားလာပြီး လက်ရှိလည်း ဖောင်ဒေးရှင်းများကို ပြုပြင် နေပါသည်ဟု ပြောသည့်အတွက် အားလုံးကိုယ်စား သူကိုယ်တိုင် လိုက်ကြည့်ပြီးမှ ယုံနိုင်မည်ဟု ပြန်ပြောခဲ့ပြီး လိုက်လံကြည့်ရှုသောအခါ တကယ်ပြုပြင်နေကြောင်း သိရှိရသည့်အတွက် ဆန္ဒပြမှုကို သူတို့ ရပ်ဆိုင်းခဲ့သည်။

ဆန္ဒပြမှု ဖြစ်ပွားပြီး တစ်လကြာသောအခါ သူနှင့်အခြား အကျဉ်းသားတစ်ဦးကို တောင်ကြီးထောင်သို့ ရွှေ့ပြောင်းခဲ့စေသည်။

ထောင်ထဲမှာ နေပျော်ဖို့ ပန်းချီဆွဲခဲ့တယ်
တောင်ငူထောင်မှ ထောင်မှူးက ဆန္ဒပြမှု ခေါင်းဆောင်အဖြစ် မှတ်ချက်တွင် ရေးပေးလိုက်သည့် အတွက် တောင်ကြီးထောင်သို့ ရောက်သောအခါ နှိပ်စက်ခံခဲ့ရသည်ဟု သူကဆိုသည်။ “တောင်ငူထောင်မှာ တုန်းက ထောင်တိုက်ဝင်းကို ချဲ့ဖို့အတွက် ထောင်ပိုင်တွေကို ပြောဆိုခဲ့တာတွေ၊ သူတို့ ထောင်တိုက်ဝင်းကို တကယ်ချဲ့ မချဲ့ လိုက်ကြည့်ခဲ့တာတွေကို ကြည့်ပြီး ကျွန်တော့်ကို ခေါင်းဆောင်လို သတ်မှတ်သလားမသိပါဘူး။ တောင်ကြီးထောင် ရောက်ရောက်ချင်းပဲ မင်းကအစာငတ်ခံ ဆန္ဒပြတဲ့ ခေါင်းဆောင်လားဆိုပြီး ကျွန်တော့်ကိုရော၊ နောက်တစ်ဦးကိုပါ ဆိုးဆိုးဝါးဝါး နှိပ်ကွပ်ခဲ့တယ်။ နှစ်လကျော်ကျော် ခြေချင်းမဖြုတ်ဘဲ ထားခဲ့တယ်” ဟု သူက ပြောပြသည်။

တောင်ကြီးထောင်တွင် အနေကြာလာသောအခါ ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေဖို့၊ ထောင်ထဲတွင် နေပျော် ဖို့အတွက် ကိုယ်စိတ်ဝင်စားစရာ အလုပ်တစ်ခုခုဖြင့် အချိန်ကုန်ဆုံးနိုင်ဖို့ စဉ်းစားသောအခါ ပန်းချီဆွဲဖို့ စိတ်ကူးရခဲ့သည်ဟု သူကဆိုသည်။ ပန်းချီဆွဲဖို့အိမ်က ပုံဆွဲစက္ကူများနှင့် ဆေးများ ပို့ပေးခဲ့သော်လည်း သူမရခဲ့ပေ။ ထို့အတွက် ပန်းချီဆွဲဖို့ပစ္စည်း ရှာသောအခါ ထောင်ထဲတွင် ဖတ်ခဲ့ရသော သတင်းတစ်ပုဒ်တွင် ပန်းချီထိန်လင်းက စွန့်ပစ်ပစ္စည်းများကို သုံးပြီး Recycle Art Show ဆိုပြီး ပန်းချီပြပွဲတစ်ခု ပြုလုပ်ခဲ့တာကို သူဖတ်ခဲ့ရသလို၊ စားပြီးသား မုန့်ထုပ်ခွံများပေါ်က အရောင်များကိုတွေ့ပြီး စွန့်ပစ်ပစ္စည်းများဖြင့် ပန်းချီကားများ ဖန်တီးရန် စိတ်ကူးမိခဲ့ကြောင်းကို အောက်ပါအတိုင်း ပြောပြသည်။

“ကိုထိန်လင်းကတော့ သုံးပြီးသားစက္ကူတွေကို ပျော့ဖတ်ဆယ်တယ်။ Canvas လုပ်တယ်။ အဲဒီအပေါ် မှာ ပန်းချီဆွဲတယ်ဆိုတာကို ဖတ်ခဲ့ရတယ်။ ကျွန်တော့် အတွက်ကတော့ ထောင်ထဲမှာ တောင်ယာခုတ်တဲ့အခါ ကော်ဖီမစ်ခွံတွေရဲ့ဆိုးကျိုးကို တွေ့နေရတယ်။ ဒီအခွံတွေက ပေါက်တူးနဲ့ ပေါက်ရင်တောင် ပေါက်ရခက်တယ်။ အရမ်းနုတဲ့ ရေသောက်မြစ်တွေဆို သူတို့ကို မတိုးနိုင်တော့ ကျွန်တော်တို့ စိုက်တဲ့ မုန်လာဥတွေဆို ပုပ်ကုန်တယ်။ ဒီဟာတွေနဲ့ Recycle Art လုပ်ရင်ကောင်းမှာပဲ ဆိုပြီး အရောင်တွေ ကပ်ဖြစ်တယ်။ စပြီးကပ်တာကတော့ A4 စက္ကူလေး တစ်ရွက်ပေါ်မှာပေါ့။ ထောင်ထဲမှာက ပုံတူဆွဲ အရမ်းတော်တဲ့ ကိုကျော်အောင်က ဗိုလ်ချုပ်အောင်ဆန်း ပုံတူကို အောက်လိုင်း ဆွဲပေးတယ်။ ကျွန်တော်က အရောင်တွေကပ်တယ်။ နောက်ပိုင်းမှာ ဒေါင်းရုပ်တွေ၊ ပန်းပွင့်ပုံတွေ၊ တောင်ပုံတွေ၊ ရိုးရာအိမ်ပုံတွေကို ကိုယ်တိုင်ဆွဲပြီး အရောင်တွေ ကပ်ခဲ့တယ်။ တောင်ကြီးထောင်မှာ ပန်းချီကား တစ်ရာကျော်လောက် ဆွဲဖြစ်ခဲ့တယ်”


အင်းစိန်ထောင်၊ တောင်ငူထောင်နှင့် တောင်ကြီးထောင် စုစုပေါင်း ထောင်သုံးခုတွင် ၁၂ နှစ် ခြောက်လတိတိ သူပြစ်ဒဏ်ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အထဲတွင် သူပါဝင်ခဲ့သည်။

အနာဂတ်ကို ပန်းချီနဲ့ ပုံဖော်မယ်
ထောင်မှထွက်လာသောအခါ မိဘများနှင့် ညီအစ်ကိုမောင်နှမများက ဂရုတစိုက် ရှိခဲ့ကြသလို သူ့အိတ် ထဲတွင် ပိုက်ဆံမပြတ် ထည့်ပေးခဲ့ကြသည့်အတွက် အဆင်ပြေခဲ့သော်လည်း လေးလလောက် ကြာသောအခါ ၎င်းတို့ကိုယ်တိုင်က မေ့မေ့လျော့လျော့ ဖြစ်လာသည့်အတွက် တစ်ယောက်တည်း ဖြစ်နေသလို ခံစားရပြီး စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုများ ရှိခဲ့သည်ဟု သူကဆိုသည်။

သူထောင်ထဲတွင် ဆွဲလာခဲ့သော ပန်းချီကားများထဲမှ အချို့ကို လောကနတ် ပန်းချီခန်းမတွင် ပြပွဲတင်ဖို့ စီစဉ်ရာမှတစ်ဆင့် ပန်းချီလောကသားများနှင့် ရင်းနှီးခင်မင်လာပြီး သူတို့၏ အားပေးကူညီမှုများကြောင့် ပန်းချီကားများ ဆက်ဆွဲဖြစ်ခဲ့ကြောင်း သူကဆိုသည်။ ပန်းဆိုးတန်း ပန်းချီပြခန်းတွင် ဒုတိယအကြိမ် ပန်းချီပြပွဲ ပြုလုပ်သောအခါ ပြပွဲသို့ လာရောက်ကြည့်ရှုသော International School တစ်ခုမှ ဆရာများက သူတို့ကျောင်းတွင် ကလေးများကို ပန်းချီသင်ပေးရန် ကမ်းလှမ်းသည့်အတွက် သွားသင်ပေးဖြစ်နေသည်ဟု သူက ဆိုသည်။

ဘဝရပ်တည်မှုအတွက် ထိုကျောင်းတွင် အခကြေးငွေယူ၍ ပန်းချီပညာ သင်ကြားပေးနေသလို သုခ ရိပ်မြုံတွင် မိဘမဲ့ကလေးများကို ပန်းချီပညာ အခမဲ့ သင်ကြားပေးလျက် ရှိသည်ဟု သူကပြောပြသည်။

ဆက်လက်ရှင်သန်ရမည့် သူဘဝ၏ အချိန်များကို ပန်းချီနှင့် ပုံဖော်မည်ဟု သူကဆိုသည်။ “ပန်းချီကားတွေ ဆက်ဆွဲမယ်။ Recycle Art Gallery တစ်ခုဖြစ်လာအောင် ကြိုးစားမယ်” ဟု သူ၏အနာဂတ် စိတ်ကူးကို ဖွင့်ဟသည်။

ကိုယ်စားမပြုနိုင်ပါ
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခွင့် ရရှိခဲ့သော လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ သူ့အကြောင်းကို ဒါရိုက်တာ ရည်နန်းသိုက် ရိုက်ကူးသည့် ‘အကျဉ်းစံ’ မှတ်တမ်း ရုပ်ရှင်ဇာတ်ကားက ဒေါ်အောင်ဆန်းစုကြည်ဆုကို ရရှိခဲ့သည်။ ထိုကဲ့သို့ ဆုရရှိခဲ့သူအပေါ် သူ၏ခံစားမှုကို အောက်ပါအတိုင်း ဖွင့်ဟသည်။

“ကျွန်တော့်အကြောင်းရိုက်တဲ့ မှတ်တမ်းရုပ်ရှင်က ဆုရလို့ ပျော်တာတစ်ပိုင်း၊ စိတ်ထဲမှာ အားမလို အားမရ ဖြစ်တာကတစ်ပိုင်း ခံစားရတယ်။ ဒီရုပ်ရှင်ထဲမှာ ပြခဲ့တဲ့ ပြကွက်တွေက ကျွန်တော့်ထက် ဆိုးဆိုးဝါးဝါး ကြုံခဲ့ရတဲ့သူတွေကို ကိုယ်စားမပြုနိုင်ဘူး။ ကျွန်တော်ခံခဲ့ရသလောက်ကိုတောင်မှ ပီပီပြင်ပြင် မဖော်ပြနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြသခွင့် မရမှာစိုးလို့။ အဲဒီတော့ ကျွန်တော့်ထက် ဆိုးဆိုးဝါးဝါး ကြုံခဲ့ရတဲ့သူတွေကို ဒီမှတ်တမ်းရုပ်ရှင်က ကိုယ်စားမပြုပေးနိုင်တဲ့အတွက် အားမရဘူး”။